မိုးကုတ်မြို့နယ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ၂ နေရာဖြစ်ပွား၊ တနင်္သာရီမြို့နယ်ရှိ အမှတ် ၅၅၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၁၃
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ၂ နေရာဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၄၄ ၊ ၈၈ ၊ ၁၀၂ ၊ ၁၀၄ တို့က အင်အား ၁၅၀ ကျော်ဖြင့် လာရောက် ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် နံနက် ၁၁ နာရီခန့်တွင် မိုးကုတ်မြို့နယ် အထက် ညောင်ကုန်းနှင့် ဖြူရောင်ကျေးရွာ အကြားတွင် ၁ ကြိမ် နှင့် မွန်းလွဲ ၁၂ နာရီခန့်တွင် အထက်ညောင်ကုန်းကျေးရွာအနီး၌ ၁ ကြိမ် တအာင်းတပ်မတော် TNLA နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တအာင်းတပ်မတော် TNLA တည်ရှိရာ ရှမ်းမြောက်ဒေသတွင် ဇူလိုင်လမှ စတင်၍ ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ထိ တိုက်ပွဲ ၇၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး အခြေစိုက်စခန်းဖြစ်သည့် လွယ်ကျယ်လောက်၊ ၁၀၅ မိုင်၊ သိန္နီတပ်စခန်း၊ နမ့်ဖက်ကာ ၁၂၃ တပ်စခန်းနှင့် မိုးကုတ်တပ်စခန်းတို့က တအာင်းတပ်မတော် တည်ရှိရာကို နေ့စဥ် အကြောင်းမဲ့ လက်နက်ကြီး အကြိမ်ရေ ၄၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၅၅၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၁၀ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမှတ် ၅၅၈ ခြေမြန်တပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက နံနက် ၁၁ နာရီတွင် ၁ ကြိမ်၊ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ၁ ကြိမ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ အကြမ်းဖက် စစ်တပ် ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ပူးပေါင်းတပ်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီတိုင်းစစ်ဌာန၊ စစ်ဆင်ရေးဌာန၏ လက်ရုံးတပ်ဖွဲ့ဖြစ်သော လေ့ကျင့်ရေးနှင့်နည်းပညာဌာန၏ မောင်းသူမဲ့ဒရုန်းတပ်ဖွဲ့(Dragon Squad)၊ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၂)၏ တပ်ခွဲ(၂)၊တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း တော်လှန်ရေး မဟာမိတ်အဖွဲ့များ ထုတ်ပြန်ထားသည့် စစ်ရေးဆိုင်ရာ အသိပေးချက်များ အတိုင်း မြို့နယ်အတွင်းနေထိုင်သူများ နှင့် ခရီးသွားပြည်သူများ အားလုံးသည် ပြည်ထောင်စုလမ်းပေါ်တွင် ညအချိန် ခရီးသွားလာခြင်းများအပြင် စစ်ကောင်စီနှင့် နီးကပ်စွာ နေထိုင်ခြင်း၊ သွားလာခြင်း မပြုကြရန် နှင့် နေ့အချိန် ကားဖြင့်သွားလာပါက ကားမှန်ချပြီး ခရီးသွားလာကြပါရန် တော်လှန်ရေး တပ်ဖွဲ့ဝင်များက အသိပေးထုတ်ပြန်ထားသည်။