မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းနှင့် ကင်းပုန်းဝပ်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းနှင့် ကင်းပုန်းဝပ်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးနိုင်ကြောင်း CDSOM တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၇ မိနစ်ခန့်တွင် ကျောက်ရစ် အထိုင်စခန်းမှ ကင်းရွာဘက်ကို ထွက်လာပြီး ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများကို Shar Htoo Waw နည်းပညာ Fixed Wings ယာဉ်များ အသုံးပြု၍ ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ အထိုင်ချရာ ကျောက်ရစ်ရဲစခန်း အတွင်းကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၅ လုံး ဆက်လက် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ တရစပ်ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်သား အများအပြားထိခိုက် သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို CDSOM ၏ ၀၀၁ DRONE TEAM ၊ မြောင်မြို့နယ် ပလဖ ၊ ဆင်ရိုင်းစစ်ကြောင်း – မြောင် နှင့် WILD BIRD ကောလင်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။