ဖျာပုံမှ စစ်အာဏာရှင် ဆန့်ကျင်သည့် လူငယ် ၇ ဦးကို သေဒဏ်၊ မသေမချင်း ကြိုးကွင်းစွပ်သတ် ပြစ်ဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
ရန်ကုန်၊ အောက်တိုဘာ ၂၁
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် Black Dragon Force Pyapon (ဖျာပုံ နဂါးနက် တပ်ဖွဲ့) အဖွဲ့ဝင်များဟု စစ်ကောင်စီက စွပ်စွဲကာ ဖမ်းဆီးခံထားရသည့် အမျိုးသမီး တစ်ဦး ပါဝင်သည့် လူငယ် ၁၅ ဦးကို သေဒဏ်၊ မသေမချင်းကြိုးကွင်းစွပ်သတ်ပြစ်ဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ခရိုင်တရားသူကြီး ဒေါ်သူဇာအေးက ချမှတ်လိုက်ကြောင်း သိရှိရသည်။
ယမန်နှစ် ဖျာပုံမြို့တွင် Black Dragon Force Pyapon (ဖျာပုံ နဂါးနက် တပ်ဖွဲ့) အဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခံထားရသည့် အမျိုးသမီး တစ်ဦး ပါဝင်သည့် ၁၅ ဦး အဖွဲ့မှ လူငယ် ၇ ဦးကို ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဖျာပုံထောင် အထူး တရားရုံးက ရာဇသတ်ကြီး ၃၀၂(၁)(ခ)၁၀၉ အရ အမှု ၂ မှုအတွက် ခရိုင်တရားသူကြီး ဒေါ်သူဇာအေးက သေမိန့် နှစ်ကြိမ်နှစ်ခါ အမိန့်ချခဲ့ကြောင်း သိရှိရသည်။
သေဒဏ်နှစ်ကြိမ်နှစ်ခါ ချမှတ်ခံရသူများမှာ ကိုစံလင်းစံ၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကျော်ဆန်းဦး ၊မောင်ကိုကိုအောင်၊ ကိုအောင်မိုးမြင့်နှင့် ကို ဝဏ္ဏထွန်း တို့ဖြစ်ပြီး ရာဇသတ်ကြီး ၃၀၂(၁)(ခ)၁၀၉ အရ မသေမချင်းကြိုးကွင်းစွပ် သေဒဏ် နှစ်ကြိမ် ချမှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် သေဒဏ်ချခံရသော ကိုစံလင်းစံ၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကျော်ဆန်းဦး၊ မောင်ကိုကိုအောင်၊ ကိုအောင်မျိုးမြင့်၊ ကို ဝဏ္ဏထွန်းတို့ကို အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၀ က-စျ-ည ၅၂-က တို့ဖြင့် စွဲဆိုခဲ့သော အမှုများအတွက် ထောင်ဒဏ် ၃၅ နှစ် စီ ချမှတ်ကြောင်း ၊ အလားတူ အမှုတွဲများဖြစ်သော
ကိုဝင်းဌေး ၊ ကိုဟိန်းသူလွင်၊ ကို အောင်မြင့်သူ ၊ ကို ကျော်ဇော်ဦး တို့ကို ထောင်ဒဏ် ၃၅ နှစ်စီ လည်းကောင်း၊ ထပ်မံ၍ ကိုစံလင်းစံ၊ ကိုသူရဖြိုး၊ ကိုထွန်းထွန်းဦး ကိုကျော်ဆန်းဦး၊ မောင်ကိုကိုအောင်၊ ကိုအောင်မျိုးမြင့်၊ ကိုဝဏ္ဏထွန်း၊ ကိုဝင်းဌေး ကိုဟိန်းသူလွင် ကိုအောင်မြင့်သူ ကိုကျော်ဇော်ဦးတို့ ၉ ဦးအား အကြမ်းဖက် ဥပဒေဖြင့်ပင် ထောင်ဒဏ် ၂၅ နှစ် ကို အသီးသီး ထပ်မံ အမိန့်ချခဲ့ကြောင်းသိရသည်။
ထို့ကြောင့် သေဒဏ် ကြိုးမိန့်နှင့် ထောင်ဒဏ်နှစ် ၂၀ကျော်၊ နှစ် ၃၀ကျော် ချခံရသူ ၇ ဦးမှာ ကိုသူရဖြိုး၊ မောင်ကိုကိုအောင်၊ ကိုအေးမင်းသူ၊ ကိုထွန်းဦး၊ ကိုကျော်စန်းဦး၊ ကိုစံလင်းစံ နှင့် ကိုဝဏ္ဏထွန်း တို့ဖြစ်ပြီး ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။