ဒီပဲယင်းရှိ ကြည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပေါက်မြို့နယ်အတွင်း စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကြည်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဒီပဲယင်းမြို့နယ်၊ ငဝဲတောရွာ၌ ညအိပ်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ နံနက် ၈ နာရီကျော်က စတင်ပြီး ကြည်ကျေးရွာကို ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက အုန်းတင်ရွာမှာ ရောက်ရှိနေပြီး အခု ရွာထဲကနေ ပြန်ထွက်နေပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးကပြောဆိုသည်။
ဒီပဲယင်းမြို့နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း ဝပါရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇ လုံးပြာကျခဲ့ပြီး ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများသည် ၄ ရက်ကြာ ထွက်ပြေးတိမ်းရှောင်နေရကာ စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ်အတွင်း ထပ်မံ စစ်ကြောင်း ထိုးနေ၍ ရေခါးရွာ နှင့် သရက္ကန်ရွာ မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၁၇ ရက်နေ့ကစတင်ပြီး ပေါက်မြို့နယ် မြောက်ပိုင်းတွင် စစ်ကြောင်းများခွဲ၍ ကျေးရွာများကို ဝင်ရောက်စီးနင်းမှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ် ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်နေသောကြောင့် ကျွန်းဒိုင်း၊ ဂွေးဂုံစသိန်း၊ ဂဲပင်အင်း၊ ဓာတ်တော်၊ ဝန်တင်၊ ဇောင်းရှားပင်၊ မင်းကိုင်း၊ ကျောညှာ အစရှိသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများလည်း ဆက်လက် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။