ကျောက်ကြီးမြို့နယ်ရှိ ထီးပူလူကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၁ လုံး ပျက်စီး
ရန်ကုန်၊ အောက်တိုဘာ ၂၂
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ထီးပူလူကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ ည ၉ နာရီခန့်တွင် ညောင်လေးပင် ခရိုင်၊ တပ်မဟာ ၃ ကျောက်ကြီးမြို့နယ် အုပ်ချုပ်နယ်မြေ အတွင်းရှိ ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပစ်ခတ်ခဲ့သော လက်နက်ကြီးသည် ထီးပူလူကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး တီးဖိုးမဲလေး၏ နေအိမ်ကို ထိမှန်ကာ ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ၎င်းမွေးမြူထားသော နွား ၁ ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။