ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ခန့်တွင် ရွှေဘိုမြို့နယ်၊ မင်းဘေးရွာနှင့် မြို့လှရွာ အကြား ဂျိုးမြေဇင်းရှိ ပျူစောထီးများ အထိုင်ချရာ နေရာကို တော်လှန်ရေး တပ်ဖွဲ့များက အဝေးထိန်း မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၈ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ပန်းရံ ပျူစောထီး ကျေးရွာမှ ထွက်လာသော ပျူစောထီးများကို ဇီးဖြူကုန်း အနောက်ဘက် မြို့လှ ဘုန်းကြီးကျောင်း အနီးတွင် ပဒေသာမိုင်း ၅ လုံး၊ တိုက်မိုင်း ၄ လုံး ဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“မိုင်းဆွဲ တိုက်ခိုက်တာ ပျူစောထီး ၆ ကောင်သေပြီး ခွေး အလောင်းတွေကို သီးလုံးပျူစောထီးကျေးရွာထဲမှာ သဂြိုလ် သွားပါတယ်။ ၈ ကောင်ကတော့ ဒဏ်ရာရတယ်” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF ၊ Bo Ba Taw – SHWEBO LPDF အဖွဲ့ ၊ GOLDEN EAGLE-ZBG ၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF ၊ နဂါးနီ အာဠာဝက – ရွှေဘို LPDF ၊ ဝမ်ကြီးအဖွဲ့ ၊ ဘခတ်အဖွဲ့ ၊ မင်းဂေါင်အဖွဲ့ ၊ သီးလေးသီအဖွဲ့ ၊ တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါကြောင်း သိရသည်။