မြင်းမူနှင့် မြောင် မြို့နယ်တို့ရှိ စစ်တပ် အထိုင် စခန်းနှင့် ရဲစခန်း ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ်တို့ရှိ အကြမ်းဖက် စစ်တပ်၏ အထိုင် စခန်းနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် CDSOM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီခွဲ အထိ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာ အနီးတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မောင်းသူမဲ့ လေငယ်ယာဥ် ၃ စီးဖြင့် ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၄ လုံးမှာ ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ ည ၇ နာရီမှ ၈ နာရီ အထိ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ -CDSOM၏ 001 Drone Team ၊ စစ်ကိုင်းခရိုင် တပ်ရင်း၆ တပ်ခွဲ ၂ ၊ မြောင်မြို့နယ် ပ.လ.ဖ ၊ မြင်းမူမြို့နယ် ပ.က.ဖ ၊ ဆင်ရိုင်းစစ်ကြောင်း-မြောင် ၊ Sintkhaing Revolution Force ၊ စဥ့်ကိုင် ပ.ကဖ Wild Bird ကောလင်း အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။