27 C
Yangon

ချင်းပြည်နယ်၊ စစ်ကိုင်း၊မကွေးနဲ့ ရန်ကုန်တိုင်းတို့မှာ အခုနှစ် ဒုတိယပတ် ၄လတာကာလအတွင်း စစ်ရာဇဝတ်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုပေါင်း ၅၀၀ကျော် ဖြစ်ပွားခဲ့

Must read

ချင်းပြည်နယ်၊ စစ်ကိုင်း၊မကွေးနဲ့ ရန်ကုန်တိုင်းတို့မှာ အခုနှစ် ဒုတိယပတ် ၄လတာကာလအတွင်း စစ်ရာဇဝတ်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုပေါင်း ၅၀၀ကျော် ဖြစ်ပွားခဲ့

ရန်ကုန်| အောက်တိုဘာ ၂၃

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ၂၀၂၃ခုနှစ် မေလကနေ ဩဂုတ်လအထိ ၄လတာအတွင်း စစ်ရာဇဝတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုပေါင်း ၅၂၀မှုအထိ ဖြစ်ပွားခဲ့တယ်လို့ ပဉ္စမမဏ္ဍိုင်အဖွဲ့ရဲ့ လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာတရပ်က ဆိုပါတယ်။

စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေရဲ့ ထက်ဝက်ကျော်ဟာ စစ်ကိုင်းတိုင်းမှာဖြစ်ပွားခဲ့ပြီး အစီရင်ခံစာပါစာရင်းတွေအရ ၄လတာအတွင်း ဖြစ်စဉ်ပေါင်း ၃၀၀အထိ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းနဲ့ပြည်နယ် ၄ခုမှာ ၄လတာအတွင်း စစ်ရာဇဝတ်မှုဖြစ်စဉ်က ၂၆၅မှုအထိ ပေါ်ပေါက်ခဲ့ပြီး ဖြစ်စဉ်မှုခင်းတွေရဲ့ ၅၁ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန် ၂၀၂၁ခုနှစ်ကစလို့ လက်နက်ကိုင်ပဋိပက္ခတွေ နေရာအနှံ ပေါ်ပေါက်ခဲ့ပြီး ဒေသခံအရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုတွေ တစထက်တစ တိုးလို့လာနေပါတယ်။

စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် ၊ပျူစောထီး စတဲ့အဖွဲ့အစည်းတွေက အများအပြား ကျူးလွန်ခဲ့သလို စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖတွေရဲ့ ကျူလွန်မှုတွေလည်း တွေ့ရှိလာရတယ်လို့ သိရပါတယ်။

တိုင်းနဲ့ ပြည်နယ် ၄ခုအတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၁၂၈ကြိမ်အထိဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းဟာ စစ်ရေးပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရမှု အများဆုံးဖြစ်နေတာကို ပဉ္စမမဏ္ဍိုင်အဖွဲ့ရဲ့ စစ်တမ်းအချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့ ဖမ်းဆီးထိန်းသိမ်းမှုဖြစ်စဉ်တွေ ၅၅ကြိမ်အထိ ရှိထားပြီး စီးနင်းမီးရှို့ခံရမှုဖြစ်စဉ်တွေလည်း ၅၁ကြိမ်အထိရှိထားတယ်လို့ ဆိုပါတယ်။

အလားတူ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ မီးရှို့ဖျက်ဆီးခံရမှုပေါင်းလည်း ၂၄ကြိမ်အထိ ရှိထားတယ်လို့ သိရှိရပါတယ်။ ၄ လတာကာလအတွင်း အဆိုပါပြည်နယ်နဲ့ တိုင်း ၄ခုမှာ အရပ်သားတွေ ဓားပြတိုက်ခံရမှု ဖြစ်စဉ်ပေါင်း ၁၄ကြိမ်အထိရှိခဲ့ပြီး ဆတ်ကြေးကောက်ခံရမှုနဲ့ ငွေညှစ်ခံရမှု ၅ကြိမ်စီအထိ ရှိထားတယ်လို့သိရပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ အရပ်သားပြည်သူတွေအတွက် လုံခြုံမှုမရှိတာ၊အကာအကွယ်ပေးနိုင်တဲ့ ဥပဒေစိုးမိုးမှုမရှိတာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာတာတွေကို ပြသနေတာဖြစ်တယ်လို့ ပဉ္စမမဏ္ဍိုင်အဖွဲ့က ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု နဲ့ ရာဇဝတ်မှုပေါင်း ၃၀၀မှုထဲကမှ အများစုဟာ အရပ်သားတွေကို ပစ်မှတ်ထားခံရတာဖြစ်ပြီး ဖြစ်စဉ်ပေါင်း၂၄၂ခုအထိရှိခဲ့ကာ စစ်ရေးပစ်မှတ်နဲ့ ပက်သက်တဲ့ ဆက်စပ်ဖြစ်စဉ် ၅၈ခုသာရှိခဲ့တယ်လို့ ဆိုပါတယ်။

မြို့နယ်အများစုပါဝင်တဲ့ ရန်ကုန်တိုင်းအတွင်းမှာတော့ အရပ်သားပစ်မှတ်ထားပြီး ကျူလွန်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၈၆ခုအထိရှိခဲ့ပြီး စစ်ရေးပစ်မှတ်ဆိုင်ရာဖြစ်စဉ် ၂၃ခုသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တမ်းပါစာရင်းတွေအရ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေရဲ့ အများစုဟာ အရပ်သားတွေကို အဓိကပစ်မှတ်ထားကျူးလွန်ခဲ့တယ်ဆိုတာကို ပြသနေကြောင်း သိရှိရပါတယ်။

ဒီဖြစ်စဉ် ၅၂၀ခုအတွင်း သေဆုံးခဲ့ရသူ ၄၇၃ဦးရှိခဲ့ပြီး၊ ဒါဏ်ရရသူ ၃၁၃ဦးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃၁၄ဦးအထိ ရှိခဲ့ပြီး ဒီဖြစ်စဉ်တွေထဲမှာ လူ၁၀ဦးနဲ့အထက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေပါဝင်တယ်လို့ ဆိုပါတယ်။

ဖော်ပြပါ ပြည်နယ်နဲ့ တိုင်း ၄ခုအတွင်း ၄လတာကာလ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က အများဆုံးကျူးလွန်ခဲ့တာဖြစ်ပြီး စာရင်းအရ ဖြစ်စဉ် ၅၂၀ခုထဲမှာ ၄၀၅ခုအထိ ကျူးလွန်ထားခဲ့တယ်လို့ သိရှိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article