မြိတ်မြို့နယ်ရှိ စစ်တပ်၏ တုံးဗျောကြီးရွာ ကင်းစခန်းနှင့် ငရံ့အင်းရွာဟောင်း တို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား
ရန်ကုန်၊ အောက်တိုဘာ ၂၃
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တုံးဗျောကြီးရွာ ကင်းစခန်းနှင့် ငရံ့အင်းရွာဟောင်း တို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃၃ ဦးသေဆုံးခဲ့ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မြိတ်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ အကြမ်းဖက်စစ် ကောင်စီ ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၂ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တုံးဗျောကြီးကင်းစခန်းမှာက ၃၀ ကျော်လောက်ရှိပါတယ်၊ ကျနော်တို့ တုံးဗျောကြီးစခန်းကို ဝင်တိုက် တဲ့အချိန် တုံးဗျောငယ်ဘုရားတောင်ကနေပြီး လက်နက်ကြီးနဲ့ထုတယ်။ လသာ ဘုရားတောင်ကနေလည်း လက်နက်ကြီးနဲ့ ထုပါတယ်။ အဲဒီစခန်းကိုတော့ ခက်ခက်ခဲခဲနဲ့ဝင်ရောက် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာပါ” ဟု မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မြိတ်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အင်အား ၅၀ ခန့်ဖြင့် ငါးရံ့အင်းရွာဟောင်းထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
“လသာနယ်ခြားဘက်ကနေပြီး စစ်ကြောင်းထိုးဝင်ရောက်လာတာပါခင်ဗျား၊ ဝင်လာတာက အင်အား ၅၀ ကျော်လောက်ရှိတယ်၊ ကျည်ကုန်လို့ ကျနော်တို့ဘက်က အရင် ပြန်ဆုတ်ခွာလိုက်ရပါတယ်” ဟု မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မြိတ်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုများကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိတ်ပကဖ)၊ တနင်္သာရီပြည် သူ့ကာကွယ် ရေး အဖွဲ့(တနင်္သာရီပကဖ) KNDO တပ်ရင်း၇ ပူးပေါင်းစစ်ကြောင်း တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ သည် စစ်ရေး ကိစ္စများကို စဥ်ဆက်မပြတ်လုပ်ဆောင်နေပြီး ဒေသနေ ပြည်သူလူထုများနှင့် ခရီးသွားပြည် သူများ အ နေဖြင့် သတိကြီးစွာထားပြီး သွားလာနေထိုင်ကြရန် မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မြိတ် ပကဖ က ထုတ်ပြန်ထားသည်။