ကျိုက်ထိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာ ရ ၊ အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ စစ်တပ်က ပစ်ခတ်နေ
ရန်ကုန်၊ အောက်တိုဘာ ၂၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးဒဏ်ရာရရှိကြောင်း KNU ကရင်အမျိုးသားအစည်းအရုံးက တရားဝင် သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန် KNU−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ (၁)၊ ကျိုက်ထိုမြို့နယ်၊ လက်ပံပင်ရွာတွင်တပ်စွဲထားသော ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ-၄၄ လက်အောက်ခံ အမှတ် ၂ ခြေလျင်တပ်ရင်းစခန်းက ပျဥ်းကတိုးကုန်းကျေးနယ်၊ မဲရုံးလေးကျေးရွာအတွင်းသို့ လက်နက်ကြီး ၂လုံး ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် မဲရုံးလေးရွာနေ တီးစောခူး၏ နေအိမ်ခြံဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ထဲ တွင်ထိုင်နေသော အသက် ၂၇ နှစ်အရွယ် ရှိ သမီးဖြစ်သူ၏ ဘယ်ဖက် ချိုင်းအောက်သို့ လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်တပ်ကတော့ရွာထိပ်မှာပဲ တပ်စွဲထားတယ်။ လက်ပံပင် သင်္ချိုင်းမှာ အရင်ကလည်း လက်နက်ကြီး ရမ်းပစ်တာတွေရှိတယ် ။ မတ်လ ၂၆ ရက်နေ့က ရွာနားကိုလက်နက်ကြီးကျပြီး အလုပ်သမား ၃ ဦး သေဆုံးမှုရှိခဲ့ပြီးတော့ နောက်ထပ်ဒဏ်ရာရခဲ့တဲ့သူတွေလည်း ရှိခဲ့တယ်။ စစ်ကောင်စီက ရွာထဲကို လက်နက်ကြီးပစ်ထည့်ပြီး လူထုကို ကြောက်အောင် လုပ်နေတာက အရမ်းအောက်တန်း ကျတဲ့ လုပ်ရပ်ဖြစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
KNU-ကျိုက်ထိုမြို့နယ် အုပ်ချုပ်မှုနယ်မြေတွင် တပ်စွဲထားသော ကျိုက်ထိုအခြေစိုက် တပ်မ-၄၄ လက်အောက်ခံတပ်များဖြစ်သည့် အမြောက်တပ်-၃၁၀ ၊ အမြောက်တပ် ၆၀၂ ၊ ခြေလျင်တပ်ရင်း -၂၊ ခြေမြန်တပ်ရင်း -၂၀၇ တပ်ရင်းများ၊ ရဲစခန်းများက အရပ်သားပြည်သူများနေထိုင်သော ကျေးရွာများထဲသို့ လက်နက်ကြီး ပစ်ခတ်မှုများစွာ ရှိနေပြီး အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု၊ ကျောင်း၊ဆေးရုံ၊ ဘာသာရေးအဆောက်အဦး၊ လူနေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးမှုများစွာ ရှိနေကြောင်း KNU က တရားဝင် ထုတ်ပြန်ပြောဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ အမြောက်တပ်၏ လက်နက် ကြီးပစ်ခတ်မှု မြင်ကွင်း။(ပုံအဟောင်းဖြစ်ပါသည်။)