ဒီပဲယင်းမြို့နယ်အတွင်း စစ်တပ်က ၇ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၃ ရွာမှ သောင်းနှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ အောက်တိုဘာ ၂၄
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ၇ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၃ ရွာမှ သောင်းနှင့် ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၃ ရွာမှ သောင်းနှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကြည်ရွာ၊ ဘုရားထွက်ရွာ၊ အုန်းတင်ရွာ၊ ဆပ်ပြာကျင်းရွာ၊ ဘုတ်ရွာ၊ သိမ္ဘာရွာနှင့် ပန်းပုရွာ အပါအဝင် ကျေးရွာ ၁၃ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း ဝပါရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိအချိန်အထိ ဆက်လက် စစ်ကြောင်း ထိုးလျက်ရှိကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြည်သူများ ထောက်ပံ့ ကူညီငွေ ၁၂ သိန်းကို စစ်ရှောင် ဌာန ၅ ခုအား သွားရောက်လှူဒါန်းခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများ ထပ်မံ တိုးလာသောကြောင့် စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။