စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၄ လအတွင်း ပြည်သူ ၇၂ ဦးသေဆုံး၊ တစ်ရက်လျှင် ၂ ကြိမ်နှုန်းဖြင့် စစ်တပ်က လေကြောင်း တိုက်ခိုက်နေ
ရန်ကုန်၊ အောက်တိုဘာ ၂၄
အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၄ လအတွင်း ပြည်သူ ၇၂ ဦးသေဆုံးခဲ့ပြီး တစ်ရက်လျှင် ၂ ကြိမ်နှုန်းဖြင့် လေကြောင်း အသုံးပြုတိုက်ခိုက်နေကြောင်း Nyan Lynn Thit Analytica အဖွဲ့က ထုတ်ပြန်လိုက်သော စစ်တမ်းအရ သိရှိရသည်။
၂၀၂၃ ခုနှစ်၊ မေလမှ ဩဂုတ်လအထိ ရက်ပေါင်း ၁၂၃ ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လေ ကြောင်းမှ တိုက်ခိုက်မှုများကို စစ်တမ်းကောက်ယူထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ တော်လှန်ရေး အဖွဲ့အစည်း ၁၃၀၀ ကျော်၏ လူကွန်ရက်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ချက်များ၊ လွတ်လပ်သော သတင်းမီဒီယာ ၄၃ ခုတို့ကို အခြေခံကောက်ယူထားခြင်းဖြစ်ကြောင်း သိရှိရသည်။
၄ လတာအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ၂၇၂ ကြိမ်ရှိခဲ့ပြီး တစ် ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်နှုန်း ဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် အရပ် သား ပြည်သူ ၇၂ ဦးသေဆုံးခဲ့ပြီး ၁၆၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဘာသာရေး အဆောက်အအုံ ၃၃ ခု၊ စာ သင်ကျောင်း ၁၇ ကျောင်း၊ ဆေးရုံဆေးခန်း ၄ ခုပျက်စီးခဲ့ရကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှု အများဆုံးဖြစ်ပွားခဲ့သည့်ဒေသများမှာ ကရင်နီပြည်နယ်တွင် ၇၁ ကြိမ်၊ စစ်ကိုင်းတိုင်းတွင် ၆၉ ကြိမ်၊ ချင်းပြည်နယ်တွင် ၂၉ ကြိမ်၊ ကရင်ပြည်နယ်တွင် ၂၃ ကြိမ်၊ ကချင်ပြည်နယ် တွင် ၂၂ ကြိမ်ရှိ ခဲ့ကြောင်း၊ ဒုတိယအများအဆုံးဖြစ်ပွားခဲ့သည့် ဒေသများမှာ ရှမ်းပြည်နယ် တောင်ပိုင်း တွင် ၁၄ ကြိမ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၂ ကြိမ်၊ ပဲခူးတိုင်းတွင် ၁၁ ကြိမ်၊ မကွေးတိုင်း တွင် ၁၀ ကြိမ်နှင့် မွန်ပြည်နယ်တွင် ၆ ကြိမ်ဖြစ်ကြောင်း၊ ထို့ပြင် တနင်္သာရီတိုင်းတွင် ၂ ကြိမ်၊ မန္တလေးတိုင်း တွင် ၂ ကြိမ်နှင့်နေပြည်တော်တွင် တစ်ကြိမ်ရှိခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ မတရား အာဏာသိမ်းယူမှု ရက်ပေါင်း ၉၄၂ ရက်အတွင်း အကြမ်းဖက်စစ်အုပ်စု လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည့် ရက်ပေါင်း ၄၆၂ ရက်ရှိခဲ့ ကြောင်း၊ တိုက်ခိုက်မှုအကြိမ်ပေါင်း ၉၀၂ ကြိမ်ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၆၈၇ ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ ၄၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် တို့တွင် စစ်ကောင်စီ၏ လေ ကြောင်း တိုက်ခိုက်မှုကို နှိုင်း ယှဉ်လေ့လာ ကြည့်ပါက လေကြောင်း အသုံးပြု တိုက်ခိုက်မှုနှုန်း မှာ တနှစ် ထက် တနှစ် ပိုမိုမြ င့်တက်လာကြောင်း၊ အရပ်သားပြည်သူ သေဆုံး ဒဏ်ရာရမှုနှင့် အဆောက်အအုံများ ထိ ခိုက် ပျက်စီးမှု ရေအတွက်လည်း သိသိသာသာ တိုး မြင့်လျက်ရှိကြောင်း ယင်းအစီရင်ခံစာက ထောက်ပြထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လမှ ဒီဇင်ဘာလအတွင်း စစ်ကော င်စီ၏ လေကြော င်း အသုံးပြုတိုက်ခိုက်မှု ၈၅ ကြိမ်ရှိခဲ့ပြီး အရပ်သား ပြည်သူ ၆၃ ဦးသေဆုံးကာ ၊ ၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဘာသာ ရေး အဆောက်အအုံ ၈ လုံး ၊ စာသင်ကျောင်း ၇ ကျောင်း နှင့် ဆေးရုံဆေးခန်း ၄ ခု ထိခိုက်ပျက်စီး ခဲ့ ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တနှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု ၃၃၉ ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၂၆၀ ဦးသေဆုံးကာ ၈၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဘာသာရေး အ ဆောက်အအုံ ၂၀ လုံး၊ စာသင်ကျောင်း ၁၄ ကျောင်းနှင့် ဆေးရုံဆေးခန်း ၇ ခုထိ ပျက်စီးခဲ့သည်ဟု သိရှိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ ရက်ပေါင်း ၂၄၃ ရက်အတွင်း အကြမ်းဖက် စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှု ၄၇၈ ကြိမ်ကျူးလွန်ခဲ့ကာ အရပ်သားပြည်သူ ၃၆၄ ဦးသေဆုံးခဲ့ပြီး ၃၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲသည့်အပြင် ဘာသာရေး အဆောက်အအုံ ၅၈ လုံး၊ စာသင်ကျောင်း ၃၃ ကျောင်း၊ ဆေးရုံဆေးခန်း ၁၅ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နွေဦးတော်လှန်ရေးစတင်ချိန်မှစ၍ လူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များ အခြေစိုက်သည့် တပ်စခန်းများ၊ အရပ် သားပြည်သူများ စုဝေးသည့်အခမ်းအနားများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ၊ လူနေအိမ်များနှင့် ယာယီစစ်ရှောင်စခန်းများကို လေကြောင်းပစ်မှတ်များအဖြစ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်စစ်အုပ်စုသည် လေကြောင်းမှ စစ်ဆင်ရေးပြုလုပ်ခြင်း၊ မြေပြင် ထိုးစစ်ဆင်ရာတွင် လေ ကြောင်း ဖြင့် ကူညီပစ်ခတ်ပေးခြင်း၊ ၎င်းတို့၏ စစ်စခန်းများ ထိုးစစ်ဆင်ခံရချိန် ၊ စစ်ကြောင်းများ တိုက် ခိုက်ခံရချိန် ပစ်ကူပေးခြင်း၊ ကင်းထေက်ခြင်း၊ တပ်သားဖြည့်တင်းခြင်း၊ တပ်သားများ ပြောင်းရွှေ့နေရာ ချထားခြင်း၊ စစ်လက်နက်ရိက္ခာများ ပို့ဆောင်ခြင်းတို့တွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ဒရုန်းများ နှင့် အခြားလေ့ကျင့်ရေး လေယာဉ်များကို သုံးစွဲလျက်ရှိကြောင်း စစ်တမ်းက ဖော်ပြထားသည်။
ဓာတ်ပုံ- ယခု အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ကွယ်လွန်သွားသော စစ်ဘေးရှောင် ပြည်သူများကို သဂြိုလ်နေသည့် မြင်ကွင်း။