သိန္နီမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရပြီး ကိုယ်ဝန်ပျက်ကျ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
ရန်ကုန်၊ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ဦးထိမှန်ကာ ကိုယ်ဝန်ပျက်ကျခဲ့ရပြီး ပြည်သူ ၁၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင် နေရကြောင်း ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။
အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက သန္နီမြို့ အရှေ့ဘက် ၇ မိုင်ခန့်အကွာ သန္နီ – ချင်းရွှေဟော် အ ဝေးပြေးလမ်းမကြီး ကုန်းကော်ရွာအနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KIA တပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာလ ၆ ရက် မွန်းလွဲပိုင်းတွင် Hsenwi မှ အင်အား ၅၀ ခန့်ရှိသော အ ကြမ်း ဖက်စစ်ကောင်စီတပ်များ ထရပ်ကားဖြင့် စစ်ကူထွက် နမ္မတူ မြစ်ကို ဖြတ်ပြီး SSPP ထိန်းချုပ် နယ်မြေဝင်ရောက်ခဲ့သဖြင့် ပန်နကျေးရွာတောင်ဘက်၌ SSPP တပ်သားများနှင့် အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့ကြား မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် နမ္မတူမြစ်ကမ်းဘေး၌ တပ်စွဲကာ ဘေးပတ်ပတ်လည်ရှိ တောင်ကုန်းများနှင့် တောတောင်များအတွင်းသို့ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့သဖြင့် ဖိုင်ခမ်းကျေးရွာနေပြည်သူများမှာ ည ၇ နာရီခန့်မှစ၍ ဘုန်းကြီးကျောင်းအတွင်း၌ စစ်ဘေး ရှောင်နေခဲ့ရကြောင်း သိရသည်။
အောက်တိုဘာလ ၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဝမ်နောင်မိန်းကျေးရွာအနီး၌ တပ်စွဲထားသော အ ကြမ်းဖက်စစ်ကောင်စီ တပ်ရင်း ၃၂၃ မှ ပ်စခတ်သည့် လက်နက်ကြီးသည် ကွန်ကောက်ဘုန်းကြီး ကျောင်းကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ တချိန်တည်းတွင် ပန်နားနှင့် ကုန်းညောင်ကျေးရွာအနီး တပ် စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ကွန်ကောက်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပစ်ခတ်သည့် လက်နက်ကြီးများသည် ကွန်ကောက် ဘုန်းကြီး ကျောင်းမြောက်ဘက်၌ တစ်လုံး၊ ကွန်ကောက်ကျေးရွာအတွင်းသို့ တစ်လုံး၊ ကွန်ကောက်ရွာ အပြင်ဘက် ၌တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထို့အပြင် ပိန်းကန်းကျေးရွာသို့လည်း ကျရောက်ပေါက်ကွဲခဲ့ပြီး နွားတင်းကုတ်တစ်လုံး ပျက်စီးခဲ့ကြောင်း၊ ထို့ကြောင့် ကွန်ကောက်ဘုန်းကြီးကျောင်းမှ ကိုရင်၊ ဘုန်းကြီး အပါ အဝင် ၁၀ ဦးခန့်သည် သိန္နီ – လောက်ကိုင် လမ်းမကြီးကိုဖြတ်၍ ဟိုမိန်းဘုန်ကြီးကျောင်းသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ၃၂၃ တပ်သား များနှင့် KIA တပ်သားများအကြား ကွန်ကောက်ကျေးရွာတဝိုက်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး များ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ကိုရင်များနေထိုင် ရာ အဆောက်အအုံ ခေါင်မိုးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ကွန်ကောက်ကျေးရွာအတွင်း၌ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့ကြား ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး နားကွန်းကျေးရွာရှိ အကြမ်းဖက်စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကွန်ကောက်ကျေးရွာအုပ်စု၊ ကောင်းချိုကျေးရွာအတွင်းသို့ ကျ ရောက်ပေါက်ကွဲပြီး အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကျောပြင်တွင် လက်နက် ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့သို့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ထိမှန်သော လက်နက်ကြီးစ ဖယ်ထုတ်ရာတွင် ဝမ်းဗိုက်အတွင်းရှိ ကလေးငယ်သေဆုံးခဲ့ ကြောင်း သိရသည်။
“ကိုယ်ဝန်က ၃ လ ရထားတယ်လို့ သိရပါတယ်၊ ယောက်ျားလေး၊ မိန်းကလေး မသိရသေးဘူး၊ လာရှိုး ဆေးရုံမှာ ခွဲစိတ်ပြီးသွားလို့ ဒီအပတ်ထဲမှာပဲ ဆေးရုံဆင်းခွင့်ရတယ်” ဟု ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၉ ရက် မေ့လည်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ တပ်မ ၉၉ ၊ တပ်မ ၈၈ ၊ MOC 12 မှ တင့်ကား ၂ စီးအပါအဝင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကူစေလွှတ်ခဲ့ရာ ကောင်းချိုကျေးရွာနေ ပြည် သူ ၁၀၀ ကျော်မှာ ဖိုင်ခမ်းဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်နေခဲ့ရကြောင်း သိရသည်။
အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ သည် ကွန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲ၍ ဘေးပတ်ပတ်လည်ကိုလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် ရွာသူရွာသားများအားလုံး အောက်တိုဘာလ ၁၂ ရက်နေ့တွင် နေအိမ်စွန့် ကာထွက်ပြေးခဲ့ရကြောင်း သိရသည်။
“တိုက်ပွဲတွေကတော့ လူနေတဲ့ရွာတွေထဲမှာတော့မရှိတော့ဘူးပေါ့နော်၊ တောထဲက တပ်စခန်းတွေနား မှာဖြစ်တော့ ဖြစ်နေသေးတယ်၊ စစ်ရှောင်တွေတချို့ကတော့ နေရပ်ပြန်ကုန်ပြီ၊ အမျိုးသမီးတွေတော့ ကျန်ခဲ့တယ်၊ သူတို့ရွာကနေမှ ပြန်လိုက်လာလိုက်နဲ့ အဲလိုမျိုးတော့ စားနေကြတယ်” ဟု ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ကွန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ကျေးရွာ မြောက်ဘက်ရှိ ဘုရားကုန်းတွင် ယနေ့အချိန်အထိ တပ်စွဲထားပြီး၊ တိုက်ပွဲဖြစ်ပွားရာဒေသသည် သန္နီမြို့ နှင့် ချင်း ရွှေဟော်ကို ဆက်သွယ်ထားသည့် မြန်မာ- တရုတ် အဓိက ကုန်သွယ်ရေး စင်္ကြန်လမ်းကြီး တစ် ခု ဖြစ်ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပန်နားရွာသားများသည် စယ်အူဘုန်းကြီး ကျောင်း၌လည်းကောင်း၊ ကုန်းညောင်ရွာသားများသည် လားရှို့မြို့၊ ကွမ်းလုံမြို့၊ ဟိုပန်မြို့ရှိ ဆွေမျိုးများ ထံ၌ လည်းကောင်း၊ ကောင်းချိုရွာသားများနှင့် ဖိုင်ခမ်းရွာသား အချို့သည် ဖိုင်ခမ်းဘုန်းကြီးကျောင်း၌ လည်းကောင်း အသီးသီးထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။