ရေဖြူနှင့် ထားဝယ် တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၉ ဦး သေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်
ရန်ကုန်၊ အောက်တိုဘာ ၂၄
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရသည်။
အောက်တိုဘာလ ၁၉ ရက် နံနက် ၆ နာရီခန့်က ရေဖြူမြို့နယ်၊ ရန်ကင်းရွာအနီးသို့ စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ နှစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၁၀ ဦးအထက် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ ဇင်ယော် တပ်ဖွဲ့( ရေဖြူပကဖ) ၊ ဝေဟင်တပ်ဖွဲ့( ရေဖြူပကဖ) ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ ၊ YPPDF နှင့် DDT တပ်ခွဲ ၃ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇင်ယော်တပ်ဖွဲ့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ် ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရန်ကင်းရွာမှ ပြည်သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ ကြောင်း ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်းမှ ထုတ်ပြန်ထားသည်။
အလားတူ အောက်တိုဘာလ ၁ ရက် ညနေ ၃ နာရီခွဲခန့်က ထားဝယ်မြို့နယ်၊ ရေဝိုင်းရွာသို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရ သည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း နှင့်ထားဝယ် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ထားဝယ်ပကဖ) ဧဒင်မှူးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။