22 C
Yangon

မြိတ်တွင် အရပ်သားပြည်သူများ ယခုရက်ပိုင်းတွင် ဆက်တိုက် ဖမ်းဆီးခံရပြီး စစ်ကောင်စီက ငွေညှစ်

Must read

မြိတ်တွင် အရပ်သားပြည်သူများ ယခုရက်ပိုင်းတွင် ဆက်တိုက် ဖမ်းဆီးခံရပြီး စစ်ကောင်စီက ငွေညှစ်

ရန်ကုန် အောက်တိုဘာ ၂၆

တနင်္သာရီတိုင်း မြိတ်မြို့တွင် ယခု ရက်ပိုင်း မြို့ခံလူငယ်များ ညဖက်တွင် ဆက်တိုက် ဖမ်းဆီးခံရမှု ရှိနေပြီး ဖမ်းဆီးခံရသည် လူငယ်များမှာ ငွေကြေအဆမတန်ပေးပြီး ရဲစခန်းမှ ထုတ်ယူ နေရကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးခံရသော လူငယ် အများစုသည် ညဖက်၌ KTV မှ အပြန် ဖမ်းဆီးခံရသူများနှင့် ဧည့်စာရင်း စစ်ရာတွင် အကြောင်း အမျိုးမျိုးပြကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

မြိတ်မြို့မရဲစခန်း အနီးနေထိုင်သူတစ်ဦးက “ဟုတ်တယ် ဖမ်းဆီးခံရတဲ့ လူငယ်တွေက ညဖက် သွားလာနေတဲ့ သူတွေနဲ့ KTV က အပြန် ဖမ်းဆီးခံရသူတွေ များတယ်။ အယောက် ၅၀ နီးပါး အထိ ရှိနေတယ်။ သူတို့ကို မြို့မ ရဲစခန်းမှာ ချုပ်ထားပြီး နောက် တစ်နေ့ မနက်ပိုင်းမှာ ငွေနဲ့ ပြန်ထုတ်ခိုင်းတယ်”ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးခံ လူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့၏ လှည့်ကင်း လှည့်ချိန်တွင် ဖမ်းခံရတာရှိသလို ည ၁၂ နာရီ နောက်ပိုင်းမြို့ပေါ်က အချိန်လွန် ဖွင့်လှစ်ထားသည့် KTV ဆိုင်က အပြန် ရဲနှင့် ပျူစောထီးအဖွဲ့တို့က စောင့်ဆိုင်း ဖမ်းဆီးခံရမှု အများဆုံးရှိကြောင်း ကိုယ်တိုင်ဖမ်းဆီးခံခဲ့ရသည့် လူငယ်များက ပြောသည်။

မြိတ်မြို့က ကိုယ်တိုင် ဖမ်းခံခဲ့ရသည့် လူငယ် အမျိုးသား တစ်ဦးက “မြိတ်မှာ KTV ဆိုင်တွေက ဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီး လိုင်ကြေး ပေးပြီး မနက်ပိုင်းအထိ အချိန်လွန်ဖွင့်တဲ့ ဆိုင်တွေ ရှိသလို ၁၂ နောက်ဆုံး ထားပြီး ဖွင့်ခွင့် ပေးတဲ့ ဆိုင်တွေလည်း ရှိတာပေါ့။ အဲ့ဒီ အထဲကမှ ညလုံးပေါက် ဖွင့်ထားတဲ့ ဆိုင်က Customer တွေကို မဖမ်းပဲ ၁၂ နာရီ အထိ ဖွင့်ခွင့်ပေးတဲ့ ဆိုင်တွေက Customer တွေ ပြန်တဲ့ အချိန်ကို ရဲနဲ့ ပျူတွေက ဆိုင်ရဲ့ အနီးနားဝင်ကျင်မှာ လာစောင့်ပြီး ဖမ်းတာတွေ ပြုလုပ်တယ်”ဟု ပြောသည်။

ထို့အတူ ရပ်ကွက် အလိုက် နေအိမ်များတွင် ဧည့်စာရင်း ဝင်စစ်ချိန် ဖမ်းဆီးခံရသူများလည်း ပါဝင်ပြီး ထိုသို့ ဖမ်းဆီးခံရသည့် လူငယ်များကို နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မောင်ကိုကိုက လူတစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းကနေ ၃ သိန်း အထိ တောင်းကာ ပြန်လွတ်ပေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းသို့ ငွေကြေး မပေးနိုင်သူများက ထောင်တစ်လ ချမည်ဟု ခြိမ်းခြောက် ပြောဆိုမှုများလည်း ပြုလုပ်ခဲ့ကြောင်း အထက်ပါ လူငယ်က ပြောဆိုသည်။

မြိတ်မြို့တွင် KTV ဆိုင်များကို ည ၁၂ နာရီ အထိ ဖွင့်ခွင့် ပေးထားသော်လည်း အချို့ KTV ဆိုင်များ စစ်ကောင်စီ လက်အောက်ခံ စစ်ဆေးရေး အဖွဲ့များကို လိုင်းကြေး ပေးဆောင်ပြီး မနက် မိုးအလင်းသည့် အထိ ဖွင့်လှစ် နေကြကြောင်း ဒေသခံများက ပြောဆိုသည်။

လိုင်းကြေးမှည တစ်လလျှင် အဖွဲ့အစည်းပေါ် မူတည်ပြီး ၃ သိန်းကနေ ၅ သိန်း အထိ ပေးရကြောင်း ယင်းအထဲမှ အချိန်ကျော် ဖွင့်သည့် ဆိုင်များကို စစ်ဆေးခြင်း မရှိသလို သတ်မှတ်ချိန် အတိအကျ ဖွင့်လှစ်သည့် ဆိုင်များကိုမူ မကြာ ခဏ ဝင်ရောက် စစ်ဆေး ဖမ်းဆီးခံနေရကြောင်း ဒေသခံများနှင့် KTV ဆိုင် အသိုင်းဝိုင်းထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article