အင်းစိန်မြို့နယ် စုပေါင်းရုံးဝင်းအတွင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မြောက်ဒဂုံတွင်လည်း ဗုံးပေါက်၊ ရန်ကုန်မြို့တော်တစ်ဝန်း စစ်တပ်က လုံခြုံရေး တိုးမြှင့်ထား
ရန်ကုန်၊ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်း၊ အင်းစိန်မြီု့နယ်၊ စုပေါင်းရုံးဝင်းအတွင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းတွင်လည်း ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူတချို့နှင့် ရန်ကုန်အခြေစိုက် ကင်းထောက်ချန်နယ်များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် အင်းစိန်မြို့နယ်၊ စုပေါင်းရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ၊ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိနိုင်ကြောင်း၊ စစ်တပ်က ညနေ ၅ နာရီခွဲ ဝန်းကျင်မှစတင်၍ ည ၉ နာရီအထိ အင်းစိန်မြို့နယ် နေရာတစ်ဝန်းတွင် ဂိတ်များချ၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း အင်းစိန်မြို့နယ်မှ ဒေသပြည်သူတချို့နှင့် ကင်းထောက် Eagles News ထံမှ သိရှိရသည်။
“မနေ့ ညနေပိုင်း ဗုံးပေါက်ကွဲမှုဖြစ်တာတော့ မှန်ပါတယ်။ ပေါက်ကွဲသံလည်း ကြားရတယ်။ ဗုံးပေါက်ပြီးတော့ ကုန်းတံတားအတက်အဆင်းဘက်မှာ လမ်းတစ်လမ်းကို ယာယီပိတ်ပြီး ကားတစ်စီးချင်းစီ ပေးဖြတ်ပြီး စစ်တပ်က ရှာဖွေ စစ်ဆေးတယ်။ ဆေးရုံလမ်းမှာလည်း ခွေးတွေ စစ်တယ်။ စစ်တပ် DC ကားနဲ့ ရဲကားတွေလည်း ပတ်နေတာပဲ။ ညပိုင်း တောင်သူကုန်းဘက်မှာ အိမ်တချို့ကို ဧည့်စာရင်းဆိုပြီး ဝင်ရှာတာမျိုးရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်တွင် မြောက်ဒဂုံတွင် ဗုံးပေါက်ကွဲသံကြားရကြောင်း ကင်းထောက် Eagle News က ဖော်ပြပြီး ရန်ကုန်မြို့တစ်ဝန်းတွင် အောက်တိုဘာလ ၂၅ ရက်နေ့ လုံခြုံရေးများ နေရာတိုင်းတွင် တွေ့ရပြီး လုံခြုံရေး တင်းကျပ်ထားကြောင်း ရန်ကုန်မြို့ ပြည်သူများက ဆိုသည်။
“မနေ့ကရယ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ရယ် ရန်ကုန်မြို့ နေရာတော်တော်များများမှာ ရဲနဲ့ စစ်သားတွေ တွေ့ရတယ်။ ဒီရက်ပိုင်း နေရာတိုင်းမှာ ခပ်စိပ်စိပ် တွေ့နေရတယ်။ ဘာရှိလို့လဲတော့မသိဘူး။ လမ်းဆုံလမ်းခွတွေ မှာလည်း ရှိတယ်။ ယာဉ်ထိန်းရဲကင်းတဲတွေမှာလည်း ဒီကောင်တွေရှိတယ်။ ကားတွေနဲ့ကတော့ အမြဲတမ်း ပတ်နေတာတွေ့ရတယ်” ဟု ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။
ထို့အတူ ရန်ကုန်မြို့ ၊ မြို့နယ်တော်တော်များများတွင် ဧည့်စာရင်း တိုင်ရန်နှင့် ညပိုင်း ဧည့်စာရင်းစစ်မှုများ များပြားနေကြောင်း သိရှိရသည်။
“မှော်ဘီဘက်မှာတော့ အောက်တိုဘာ ၂၂ ရက်နေ့ မှော်ဘီလေတပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခံရပြီးကတည်းက ဧည့်စာရင်း စစ်တာများလာတယ်။ ရပ်ကွက်တွေနဲ့ ရွာအုပ်စုတွေဘက်မှာ တော်တော်စစ်တယ်။ ခြံတွေကိုပါ ဝင်စစ်နေတာ။ ဧည့်စာရင်း မတိုင်လို့ မိရင်လည်း ရှင်းလို့မရဘူး။ တစ်ခါတည်း ထောင်ထဲထည့်တယ်” ဟု မှော်ဘီမြီု့နယ် ဝါးပတောကျေးရွာအုပ်စုမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကင်းချစစ်ဆေးမှုတချို့ကို မြင်တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)