ရေဦးနှင့် ဒီပဲယင်း နယ်စပ်ကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၁၉ ဦးကို လူးသားဒိုင်း အဖြစ် ဖမ်းဆီးထား၊ ကျေးရွာ ၁၀ ကျော်မှ ပြည်သူများ တိမ်းရှောင်နေရ
ရန်ကုန်၊ အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၁၉ ဦးကို လူးသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ် အစပ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ကလန့်ရွာမှ ပြည်သူ ၉ ဦးနှင့် ကျေးရွာပေါင်းစုံမှ ပြည်သူ ၁၀ ဦး စုစုပေါင်း ပြည်သူ ၁၉ ဦးကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။
လက်ရှိချိန်တွင် ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ချောင်းနားရွာ၊ အင်တိုင်းရွာ၊ အင်ပင်ရွာ၊ မရိုးကုန်းရွာ၊ အုန်းခြံရွာ၊ တင်းတိန်ရံရွာ၊ အောက်ကလေးရွာ၊ တောင်တောရွာ၊ ငါးပိခိုးရွာနှင့် စပ်သီးခိုးရွာ စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
” စစ်ခွေးတွေက ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ကလန့်ရွာက ပြည်သူ ၉ ဦးနဲ့ ကျေးရွာပေါင်းစုံတွေက ပြည်သူ ၁၀ ဦး ကျော် စုစုပေါင်း ၁၉ ဦးကျော်ကို လူသားဒိုင်းအဖြစ် စစ်ကြောင်းထိုးရာ နေရာတွေကိုခေါ်သွားတယ်။ ကျေးရွာ ၁၀ ရွာကျော်က ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်”ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မရိုးကုန်းရွာအနီး ရေဆိုးမူးဘောင်ပေါ်တွင် ရပ်ထားသည့် သစ်သားများတင်ထားသေား ကားကြီးတစ်စီးကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။


