၁၀၂၇ စစ်ဆင်ရေး ပထမရက် အတွင်း စစ်စခန်း ၃၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ရာချီသေဆုံးကာ ၁၀ ဦးအရှင်မိ၊ ချင်းရွှေဟော်မြို့ကို ထိန်းချုပ်နိုင်ခဲ့
■ ယနေ့တွင်လည်း စစ်စခန်းများကို ထပ်မံ သိမ်းပိုက်နေပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကာ သံချပ်ကာ ယာဥ် ၂ စီးကို တိုက်ခိုက် ဖျက်ဆီး
ရန်ကုန်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲနေသော ၁၀၂၇ စစ်ဆင် ရေး ပထမ တစ်ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီသေဆုံးကာ ၁၀ ဦးအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းအမြောက်အများကို သိမ်း နိုင်ခဲ့ပြီး ချင်းရွှေဟော်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း The KoKang က တရားဝင် သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၇ ရက် နံနက်ချိန်ကစတင်ပြီး စစ်ဆင်ရေးအမိန့်ချသည်နှင့်တပြိုင်နက် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့် (MNDAA)မှ ရှမ်းပြည်နယ် အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ တစ်နေ့တာ အတွင်း MNDAA မှ တပ်သားများသည် စိတ်အားထက်သန် တက်ကြွပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့၏ အကြီးအသေး စခန်းပေါင်း ၃၀ ကျော် သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ ချေမှုန်းနိုင်ခဲ့ကြောင်း၊ ထို့အပြင် စစ်သုံ့ပန် ၁၀ ယောက်ကို အရှင် ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၇ ရက် နံနက် ၃ နာရီ မိနစ် ၅၀ ခန်ခန့်တွင် ကိုးကန့်တိုက်နယ်အတွင်းရှိ ချင်းရွှေ ဟော်ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွား ခဲ့ပြီး ချင်းရွှေဟော်တံတားမှာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဦးစွာသိမ်းယူခဲ့နိုင်ခဲ့ကြောင်း၊ နံနက် ၇ နာရီ မိနစ် ၄၀ အချိန်တွင် ဟိုပန်တာချန်ခုတ် ၊ ချင်းရွှေဟော် နယ်စပ်ဂိတ် ၊ မာလူအိုက်ဖိုင် ၊ ပိုက်ထာ ပေါက်ပေါက် ၊ နန်တောင်ဟော်တောင်ကုန်း စသည့်စစ်ကောင်စီ တပ်စခန်းများကို တပြိုင်နက်သိမ်းယူ နိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲသည် နံနက် ၁၁ နာရီအချိန်ထိ ဖြစ် ပွားခဲ့ပြီး ဟိုပန် နှင့် နမ်ဟူဒေသကိုဆက်သွယ်နေသော ဟိုပန် တံတား ကြီးကိုလည်း ဖောက်ခွဲ နိုင်ခဲ့ ကြောင်း သိရသည်။
နံနက် ၆ နာရီ မိနစ် ၃၀ အချိန် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏တပ်စခန်းတည်ရှိသော ကြာမိန်ခုတ် ဒေသကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)တပ်ဖွဲ့မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ပြီး နေ့လည် ၁၂ နာရီ မိနစ် ၅၀ ခန့်အချိန်တွင် ၎င်းတပ်စခန်းကို သိမ်းယူနိုင်ခဲ့ ကြောင်း၊ ညနေ ၂ နာရီ မိနစ် ၃၀ ခန့်တွင် မာဟွာချင်းရာခုတ်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်း ယူနိုင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၇ ရက် နံနက် ၄ နာရီခန့်တွင် နမ်ဖာရှမ်းတွင်အခြေချနေသော အာဏာသိမ်းစစ် ကောင်စီတပ်ဖွဲ့ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)မှ ဒရုန်း ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၂ နာရီတွင် ခြေလျင်တပ်ဖွဲ့ဖြင့်ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့်ကကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ၎င်းနေရာကို သိမ်းယူနိုင်ခဲ့ကြောင်း ၊ ယင်းစခန်းသိမ်းတိုက်ပွဲတွင် စက်သေနတ် ၁ လက် ၊Shot Gun ၁ လက် ၊ စကားပြောစက် ၄ လုံး ၊ ၆၀ မမ ကျည် အလုံး ၄၀ ၊ စက်လက်ကျည် အတောင့် ၂၀၀၀ ကျော် ၊ 5.56 ကျည် အတောင့် ၃၀၀၀ ကျော် ၊ လက်ပစ်ဗုံးသီး အလုံး၂၀ ၊ နှင်းမိုင်း ၂ လုံး ၊ စက်သေနတ်ကျည်ကပ် ၁ ကပ် ၊ ကျည်ကပ် ၂ နှင့် အခြား စစ်ရေးပစ္စည်းတချို့ကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၇ နာရီ မိနစ် ၄၀ ခန့်တွင် ကန့်ဝမ်ထန်နှင့် ခုမာရွာကြားရှိ ကုတ်ထုတ်ပေါက်ပေါက် တောင်ကုန်းတွင် အခြေချေသော အာဏာသိမ်း စစ်ကောင်စီတပ်စခန်းနှင့် လုံထန်ပြည်သူ့ စစ်တပ်စခန်း ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)မှ အင်အားတစ်စုမှ ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းတပ်စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကြာကြည်ရှူဒေသတွင် ကာလ ကြာရှည်စွာအခြေချနေထိုင်သော အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့နှင့် ပတ်စော်ချိန်ပြည်သူ့စစ်အဖွဲ့ (ကိုးကန့်ရုပ်သေးအဖွဲ့)တို့၏ တပ်စခန်းကို မြန်မာအမျိုးသား ဒီမို ကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နေ့လည်ပိုင်းတွင် စခန်းသိမ်းယူ နိုင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၇ ရက် နံနက် ၄ နာရီအချိန် မုံးကိုးဒေသ၊ ရှိကျိကျတောင်ကုန်း ၊ ကွမ်ထန်ပေါက် ပေါက်တောင်ကုန်း ၊ ကျင်ကော်တစ်ပေါက်ပေါက်တောင်ကုန်း နှင့်ပိုင်ဖိန်ပေါက်ပေါက်တောင်ကုန်း စ သည့်နေရာတွင် အဓိကဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီတွင် ကွမ်ထန်ပေါက်ပေါက် တောင်ကုန်း ကိုသိမ်းယူ နိုင်ခဲ့ကြောင်း၊ ထို့အပြင် ရှိကျိကျတောင်ကုန်းရှိ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့၏ တပ်စခန်း ၂ ခုကို ထပ်မံသိမ်းယူနိုင်ခဲ့ပြီး တိုက်ပွဲသည် ညနေ ၄ နာရီ ၄၃ မိနစ်အချိန်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ညနေ ၂ နာရီ ၈ မိနစ်အချိန် နမ်ကျွမ့်ဒေသရှိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏တပ်စခန်း(၂)ခုလည်း တိုက်ခိုက် သိမ်းယူခဲ့ပြီး ၃ နာရီ ၁၁ မိနစ်အချိန် ချင်းရွှေဟော်မှ ကွမ်လုံကြားရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကျန်လန်ကန်ရွှေ တပ်စခန်းလည်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။
အလားတူ တူ ညနေပိုင်းတွင် ကွတ်ခိုင်ခရိုင် ပန်ဆိုင်းဒေသရှိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏ တပ် စခန်း ၁ ခုကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)မှ တိုက်ခိုက် သိမ်း ယူခဲ့ကြောင်း၊ ထို့အပြင် ညနေ ၆ နာရီခန့်တွင် မူပန်ခရိုင် ဟိုပန်အုပ်စု ရှောက်မန်ပန်ရောဘာ တောင်ကုန်းနှင့် မိုင်းတင်လက်ဖက်တောင်ကုန်းတွင် အခြေချသော စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်း ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဟိုပန်အုပ်စု မာချီနှောရှိ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက် သိမ်းယူ နိုင်ခဲ့ပြီး စစ်သုံ့ပန်၈ ဦး ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မူပန်ခရိုင်၏ ပူးတွဲအုပ်ချုပ်ရေးနယ်မြေဖြစ်သော နမ်ဖုန်းအုပ်စု ၊ လှိုင်မန်နမာအုပ်စုရှိ စစ်ကောင် စီ တပ်စခန်း၊ ကာမိုင်းဒေသ နာတစ်အုပ်စု (၄၁ မိုင်)၊ နာတစ်တံတား ၊ ကွမ်လုံဒေသ ၊ မူပန်တံတား ၊ စကခ ၁၆ ၏တပ်စခန်းများ၊ လားရှိုးမြို့ရှိ စကခ ၅ လက်အောက်ခံ တပ်ရင်း ၇ နှင့် ကုန်းယုံတပ်စခန်း စသည့်နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)၏ အင်အားအရှိန်အဟုန် တိုက်ခိုက် မှုအောက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏ လားရှိုး စစ်လေယာဉ်ကွင်း၏ အုပ်ချုပ် ရေးပိုင် ဖျက်ဆီးခံရပြီး ဆက်လက်၍သုံးမရတော့သည့်အခြေ ဖြစ်ခဲ့ကြောင်း၊ ယင်းနေ့ညပိုင်းအထိ ချင်းရွှေဟော်ဒေသတွင် လက်နက်ကြီး ပစ်ခတ်ပေါက်ကွဲသံများ ကြိုးကြားကြိုးကြား ကြားရကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ဟက်စကီး ၂ စီး နှင့် တိုက်လေ ယာဉ် ၂ စီးကို ကိုးကန့်ဒေသသို့ စေလွတ်လိုက်ကြောင်း၊ ယင်းတိုက်ပွဲများကြောင့် ချင်းရွှေဟော်ရှိအရပ်သားများ ပြင်ပသို့ထွက်ပြေးတိမ်းရှောင်ကြရပြီး အရပ်သားပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် မြန်မာ အမျိုး သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) မှ လုံခြုံသည့် နေရာသို့ ပို့ဆောင်ခဲ့ ကြောင်း၊ ထို့သို့ ပို့ဆောင်ပေးခဲ့သည့် အရပ်သားပြည်သူ ၁၀၀၀ ကျော်ရှိပြီး ၎င်းတို့ထဲတွင်ဗမာလူမျိုး ၆၀၀ ကျော်ပါဝင်ကြောင်း The Kokang က သတင်းထုတ်ပြန်ထားသည်။
ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့တွင် MNDAA ရဲဘော်များက ချင်းရွှေဟော်စစ်နယ်မြေမှာ စစ်ကောင်စီ၏ သံချပ်ကာယာဥ် ၂ စီးကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်တွင်လည်း MNDAA ရဲဘော်များက အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၁ ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။


