မြင်းခြံရှိ စစ်တပ် တိုးဂိတ်နှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား၊ ထားဝယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၉
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-တောင်သာလမ်းပိုင်း ရှိ စစ်တပ်၏ တောင်ရှေ့တိုးဂိတ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် စစ်ကူ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃၃ ဦးသေဆုံးခဲ့ကြောင်း Myingyan District Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က မြင်းခြံ – တောင်သာ လမ်းပိုင်း အကြားရှိ စစ်တပ်၏ တောင်ရှေ့တိုးဂိတ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သား ၂၀ ခန့်၊ ရဲ ၁၀ ဦးခန့်ကို တော်လှန်းရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲချပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ဝင်ရောက် စီးနင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနှင့် ရဲ ၂၃ ဦး သေဆုံးပြီး ကျန် ၇ ဦး မှာလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တောင်သာမြို့ဘက်မှ ကား ၄ စီး၊ အင်အား ၂၀ ခန့်ဖြင့် စစ်ကူဆင်းလာသော စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲပြီး လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကား ၃ စီး တိမ်းမှောက်သွားပြီး အကြမ်းဖက်စစ်သား ၁၀ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ ကျန်အကြမ်းဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မြင်းခြံမြို့ဘက်မှ စစ်ကူကား ၉ စီးဆင်းလာရာ တိုးဂိတ်နှင့် တစ်မိုင်ကျော်ခန့်အကွာ၌ ပြည်သူ ကားများဖြင့် ကားလမ်းအပြည့် ပိတ်ဆို့ထားနိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ခြေလျင် ဆင်းလျှောက်လာခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်သားများ အနီးအနားကို ရောက်ရှိလာခြင်း၊ လက်နက် ခဲယမ်း အင်အား နည်းပါးခြင်း တို့ကြောင့် လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၃ တပ်ခွဲ ၁ မြေလတ် PDF ၊ မြင်းခြံခရိုင်တပ်ရင်း ၈၊ မြင်းခြံ ခရိုင်တပ်ရင်း ၄ ၊ မြင်းခြံခရိုင်တပ်ရင်း ၁ ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၄ ၊ မိထ္တီလာခရိုင်တပ်ရင်း၂ ၊ မိထ္တီလာ ခရိုင်တပ်ရင်း ၃ ၊ နွားထိုးကြီးမြို့နယ်ပကဖနှင့် ပြည်သူ့မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ် – ရေဖြူ လမ်းပိုင်းတစ်နေရာတွင် အကြမ်းဖက် စစ်ကောင် စီယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကြောင်း ဝေဟင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့- ရေဖြူမြို့နယ် ထံမှ သိရသည်။
အောက်တိုဘာလ ၂၇ ရက် ည ၁၀ နာရီခန့်က ထားဝယ်မြို့ဘက်မှ ရေဖြူဘက်သို့ ထားဝယ်-ရေဖြူ လမ်းပိုင်းအတိုင်း မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် မြေတင် ကား ၂ စီး၊ အလယ်တွင် Vigo ကားတစ်စီးပါ ယာဉ်တန်းကို ညင်းထွေးရွာ နှင့် ကျောက္ကညာ ရွာ ကြား အရောက် မိုင်းဆွဲပစ်ခတ်တိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး Vigo ကားပေါ်ပါ အရာရှိ ကြီးပိုင်း အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ များ လည်းရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ထား ဝယ်မြို့ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိအချို့လိုက်ပါလာသည့် ကားမှာ ပျက်စီးသွားပြီး အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်ခန့်အကြာ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အမတ ၃၀၄ တပ် မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထားဝယ် – ရေဖြူ ပြည်ထောင်စုကားလမ်းမပေါ်တွင် သွားလာနေသော ခရီးသွား ပြည်သူများအနေဖြင့် အချိန်အခါမရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် အထူးသတိပြုသွားလာကြပါရန် ဝေဟင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဖြူမြို့နယ်က အသိပေးထုတ်ပြန်ထားသည်။
