ထီးချိုင့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသောကြောင့် လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲ
ရန်ကုန်၊ အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသောကြောင့် လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း ထီးချိုင့်မြို့နယ် အင်ဒေါင်း ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် အလယ်တောရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှု ရှိကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်က လေကြောင်းဖြင့် လာရောက် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
“သူတို့လာတာကို လမ်းကနေ ဖြတ်တိုက်ကြတာဟဒီနေ့ မနက် ၅ နာရီ ခွဲ ထီးချိုင့် အလယ်တောကြား ထိတွေ့မှု ဖြစ်တယ် ၁ နာရီလောက်ကြာတယ်။ သူတို့ဘက်က ထိခိုက်မှုရှိတယ်။ တိုက်ပွဲဖြစ်နေတုန်း လေယာဉ်လာလို့ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု ထီးချိုင့် မြို့နယ် အင်ဒေါင်း ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က နံနက် ၅ နာရီခွဲခန့်ကလည်း မင်းဝံတောင်တန်းဘက်ကို ဖိုက်တာများ၊ ရဟတ်ယာဉ်များ အသုံးပြု၍ ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရှိရသေးကြောင်း ထီးချိုင့် မြို့နယ် အင်ဒေါင်း ပကဖမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောကြားသည်။
“အခုကတော့ အခြေအနေက တင်းမာနေတယ်။ သူတို့ကတော့ လေယာဉ်တွေ သုံးနေကြတယ် ။ မနက် ၅ နာရီခွဲမှာ အနောက်ဘက် မင်းဝံတောင်တန်းဘက်ကို ဖိုက်တာ ၂ စီး ရဟတ်ယာဉ် ၂ စီးနဲ့ လာပစ်သွားတယ်။ ရဟတ်ယာဉ်ကို ပြန်ပစ်တော့ ပြန်ဆုတ်သွားတယ်လို့တော့ သိရတယ်။ ထိခိုက်မှုကို မသိသေးဘူး။ အခြေအနေကတော့ မသိရသေးဘူး။ အဲဒီဘက်က အဖွဲ့တွေနဲ့ ဆက်သွယ်ရ ခက်နေတယ်” ဟု ထီးချိုင့် မြို့နယ် အင်ဒေါင်း ပကဖမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလယ်တောရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်သည် လက်ရှိအချိန်တွင် ထီးချိုင့်ဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
