လှိုင်သာယာ၊ အင်းစိန်၊ လှိုင်မြို့နယ်နှင့် မြောက်ဒဂုံရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကို ဖောက်ခွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများရှိနိုင်
■ ၁၀၂၇ စစ်ဆင် ရေးနှင့်အတူ ရန်ကုန်တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု အရှိန်မြှင့်တင်သွားမည်
ရန်ကုန်၊ အောက်တိုဘာ ၂၉
ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ အင်းစိန်၊ လှိုင်မြို့နယ်နှင့် မြောက်ဒဂုံရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့် နေရာများကို ယနေ့ညပိုင်း ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက် သေဆုံးမှုများရှိနိုင်ကြောင်း ဒေသပြည်သူများနှင့် ရန်ကုန်တိုင်းတော်လှန် ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ည ၇ နာရီခွဲနှင့် ၈ နာရီခွဲအချိန်အကြား ရန်ကုန် တိုင်း လှိုင်သာယာမြို့နယ် မိုးလုံလေလုံအားကစားကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ အင်းစိန်မြို့နယ် ပြည်တော်သာလမ်းနှင့် ၁၄ လမ်းဆုံ ကျောက်ပြားလမ်းပေါ် Star တာယာစက်ရုံရှေ့ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ လှိုင်မြို့နယ် ပါရမီလမ်း တပ်ထိန်းတပ်ဝင်း လုံခြုံရေးဂိတ်ဝင်ပေါက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်၊ တံတားဖြူမှတ်တိုင်အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလည်းကောင်း အဝေးထိန်းမိုင်းများဖြင့် တပြိုင်တည်းဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြကြောင်း ရန်ကုန် တိုင်းမှ ခရိုင်ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“လှိုင်သာယာ ရိုးလေးအနီးတစ်ဝိုက်ကနေ ဒီည ပေါက်ကွဲသံအကျယ်ကြီးတွေ ၃ချက်ဆက်တိုက်ကြားနေရတယ်။ ခဏနေတော့ လူနာတင်ကားတွေ သွားတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိတယ်ကြားတယ်” ဟု လှိုင်သာယာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိ စုံစမ်းမှုများအရ ရန်ကုန်တွင် ယခု ည ဖောက်ခွဲတိုက်ခိုက်မှုများတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး ညပိုင်း ဧည့်စာရင်း စစ်ရန် ပြင်ဆင်မှုများရှိနေကြောင်း သိရှိရသည်။
“တစ်ချို့စစ်သားတွေဆို ညည အိပ်ရေးတွေပျက်ပြီး စိတ်ရောလူရော ပင်ပမ်းနေကြတာတွေ့ရတယ်၊ သူတို့ဘဝတွေကလည်း မြေစာပင်သာသာရယ်ပါဗျာ၊ စားရဝါးရ စည်းစိမ်ခံစားရတော့ အရာရှိတွေနဲ့ သူတို့သားသမီးတွေ သေစရာရှိသေ လက်ပြတ် ခြေပြတ် ဘဝပျက်စရာရှိ သူတို့ဖြစ်နေတာကို သဘောမပေါက်တာပဲလား သိသိနဲပဲ ရုန်းထွက်မရ ဆက်မိုက်နေကြတာလား ဒါမှမဟုတ် ဓမ္မနဲ့အဓမ္မကို ခွဲခြားသိလောက်တဲ့ ပညာအရည်အချင်းမရှိတဲ့ ငပိန်းငတုံးတွေလားတော့မသိပါဘူးဗျာ” ဟု ရန်ကုန်ပြည်သူတစ်ဦးက ဆိုသည်။
အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မြောက်ဒဂုံပကဖ က စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတစ်ခုဖြစ်သည့် ဒဂုံအရှေ့မြို့နယ်ထွေအုပ်ရုံးအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ပကဖ ရဲဘော်များက ဂန္ဓမာဟိုးဆေးအနီးရှိ စစ်တပ်ပိုင် မြဝတီဘဏ်နှင့် မရမ်းကုန်းမြို့နယ်ရှိ ပျူစောထီးများ စစ်သင်တန်းပေးနေသည့် အောင်သပြေရဲစခန်းဝင်း ဂိတ်ဘန်ကာများအား အဝေးထိန်းမိုင်းများဖြင့်ပ့င် ဖောက်ခွဲတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များအထိနာခဲ့ကြပြီး တောင်ပြေးမြောက်ပြေးဖြစ်ကာ ကမ္ဘာပျက်သကဲ့သို့ ပွက်လောရိုက်ခဲ့ကြကြောင်း သိရှိရသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီ အမြစ်ဖြတ် ရှင်းလင်းရေး စစ်ရေးအရှိန်မြှင့်ချိန်တွင် ရန်ကုန်တိုင်းအတွင်းတွင်လည်း တိုက်ခိုက်မှုများကို အရှိန်မြှင့် သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“မြောက်ပိုင်းမဟာမိတ်၃ဖွဲ့နဲ့ PDF တွေ၊ တော်လှန်ရေးမဟာမိတ်အင်အားစုတွေ စစ်ရေးအရှိန်မြှင့်တင်လုပ်နေသလို ကျနော်တို့ မြို့ပြပကဖရဲဘော်တွေကလည်း မြိုပြတွေမှာ စစ်ကောင်စီအုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး ယန္တရားတွေ လုံးဝ လည်ပတ်လို့မရအောင် နည်းမျိုးစုံနဲ့ တော်လှန်တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ ကျနော်တို့က မြို့ပြမှာ ရန်သူကို မောအောင် ပမ်းအောင် လုပ်မယ်ဗျ၊ ရှေ့တန်းမထွက်ချင်လို့ ရန်ကုန်မှာ ပေကပ်နေရင် သူတို့ အိပ်ရေးပျက်မယ်၊ ကျီးလန့်စာစားနေရမယ်၊ ဘယ်အချိန် ဘယ်အပေါက်က ထစော်မလဲဆိုပြီး ရင်တထိတ်ထိတ်ဖြစ်နေစေရမယ်၊ ပြီးရင် ဘဝပါပျက်မယ်၊ ရှေ့တန်းထွက်လိုက်ရဲရင်လည်း လိုက်ပေါ့၊ ကျေးလက်က PDF နဲ့ ERO တွေက သူတို့ကို အမှုန့်ကြိတ်လိမ့်မယ်၊ စစ်ခွေးနိဂုံး ၂၀၂၃ ဆိုတာ အလကားမဟုတ်ဘူး။ တကယ်ဖြစ်လာတော့မှာပါ ဟု ရန်ကုန်တိုင်း ပကဖ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက် ရဲတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- Agency။
