28 C
Yangon

ရွှေဘိုမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၅ ဦး သေဆုံး၊ မကွေးမြို့ပေါ်တွင် စစ်တပ်က ပြုလုပ်မည့် ပွဲတော်များ၌ ပြည်သူများမပါဝင်ကြရန် သတိပေး ဖောက်ခွဲ တိုက်ခိုက်

Must read

ရွှေဘိုမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၅ ဦး သေဆုံး၊ မကွေးမြို့ပေါ်တွင် စစ်တပ်က ပြုလုပ်မည့် ပွဲတော်များ၌ ပြည်သူများမပါဝင်ကြရန် သတိပေး ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အ.ထ.က ၂ ကျောင်းအနီး၊ ပညာရေးမှူးရုံး ဝန်းကျင်တွင် အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာ ၂၉ ရက်နေ့ ည ၈ နာရီခန့်တွင် ရွှေဘိုမြို့ပေါ်ရှိ အ.ထ.က ၂ ကျောင်းအနီး၊ ပညာရေးမှူးရုံး ဝန်းကျင်တွင် အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး ရဲဘော်များက ဗုံးသီး ၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ စစ်ခွေးတွေဘက်က ၅ ကောင် သေတယ်လို့ သတင်းရတယ်။ အဲ ၅ ကောင်ထဲမှာ ၁ ကောင်က ထောင်ပိုင်လို့​ သိထားရတယ်” ဟု သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်) ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ရွှေဘိုကျားကြီး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် ပွဲတော်များ၌ ပြည်သူများမပါဝင်ကြရန် သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် မကွေးမြို့ပေါ်ရှိ ကန်သာကန်ဘောင်နှင့် မြို့တော်ခန်းမ အနီးကို တော်လှန်ရေး တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ပြုလုပ်မည့် ပွဲတော်များ၌ ပြည်သူများမပါဝင်ကြရန် သတိပေးခဲ့ကြောင်း သိရသည်။

” ပြည်သူတွေ​ကို အထူးသတိပေးတဲ့ အနေနဲ့ ဖောက်ခွဲခဲ့တာ အသေအပျောက်တော့ မရှိဘူး။ စစ်ခွေး၊ ရဲခွေးတွေ လုပ်မယ့်ပွဲမှာ အထူးမပါ၀င်ကြဖို့ သတိပေးတဲ့ အနေနဲ့ အဓိကလုပ်ခဲ့တာ” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)၊ TDG Special Guerrilla Force (တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့) နှင့် Student Revolution Army (S.R.A) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မကွေးမြို့ပေါ်တွင် တော်လှန်ရေး ညီနောင်မဟာမိတ်များ ပူးပေါင်းကာ စစ်သား၊ ရဲများနှင့် ဆက်နွယ်သူမှန်သမျှ ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မဖောက်ခွဲခဲ့ရသေးသော မိုင်းများ မြို့တွင်း၌ ကျန်ရှိနေသေးသဖြင့် ပြည်သူများအနေဖြင့် စစ်သား၊ ရဲများကျင်းပသော ပွဲလမ်းသဘင်များနှင့် ၎င်းတို့ရှိရာ အနီးအနားကို သွားလာခြင်း မပြုလုပ်ရန် မေတ္တာ ရပ်ခံကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article