ပြင်ဦးလွင်မြို့ကို ကာကွယ်ရန်အတွက် နောင်ချိုမြို့နှင့်အစပ် နေရာများအားလုံးတွင် တပ်များ အလုံးအရင်းဖြင့် ချထား၊ ဝက်ဝံ၊ မိုးကြိုးပစ်နှင့် ဗျူဟာတောင် ကုန်းများအားလုံးတွင် တပ်များ ခပ်စိပ်စိပ် အင်အားဖြန့်ကျက်ထား
ရန်ကုန်၊ အောက်တိုဘာ ၃၁
အကြမ်းဖက်စစ်ကောင်စီတပ်များ နှင့် စစ်တက္ကသိုလ်များ အခြေစိုက် ပြင်ဦးလွင်(ခေါ်) မေမြို့ကို ကာကွယ်ရန်အတွက် စစ်ကောင်စီက နောင်ချိုမြို့နှင့်အစပ် နေရာများအားလုံးတွင် တပ်များ အလုံးအရင်းဖြင့် အင်အား ဖြန့်ကျက်ချထားကြောင်း ဒေသပြည်သူများနှင့် စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က နောင်ချိုမြို့၊ သိန္နိမြို့၊ လားရှိုး၊ မူဆယ်ဘက်များတွင် တိုက်ပွဲများ တောက်လျှောက် ဖော်ဆောင်လာပြီးနောက် မြို့များနှင့် လမ်းမကြီးများကို ထိန်းချုပ်လာနိုင်ကြောင်း၊ ထို့ကြောင့် စစ်တပ်က ပြင်ဦးလွင်မြို့ဘက်သို့ ဝင်ရောက်လာမည်ကို အထူးစိုးရိမ်သဖြင့် တပ်များ အလုံးအရင်းဖြင့် ပြင်ဦးလွင်တစ်ခွင် အင်အား ဖြန့်ကျက်၍ လုံခြုံရေး တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
” ပြင်ဦးလွင်နဲ့ နောင်ချို အစပ် ဝက်ဝံနဲ့ မိုးကြိုးပြစ် တောင်ကုန်းဘက်တွေမှာ တပ်တွေ အပြည့် ရွှေ့ပြီးချထားတယ်။ ပြင်ဦးလွင်တိုးဂိတ် အနီး ကျေးရွာတွေနဲ့ တောတွေထဲမှာလည်း ကင်းပုန်းတွေ အပြည့်ပဲ။ မိုးကြိုးပြစ် တောင်ကုန်းခြမ်းတွေမှာလည်းအပြည့်ပါ။ DSA စစ်သင်တန်းကျောင်း မြောက်ဘက်တောင်ကုန်းက ဝင်လာမှာ စိုးရိမ်လို့ လက်နက်ကြီးတွေ အမြောက်တွေကို မြောက်ဘက်တောင် ကုန်းဘက်ကို အပြည့်ချိန်ထားတယ်။ ပြင်ဦးလွင် ပတ်ပတ်လည်ပေါ့။ ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းကိုလည်း တပ်တွေ ဒီရက်ပိုင်းအတွင်း တပ်တွေ တော်တော်များ ပြောင်း ရွှေ့ပြီး ချတယ်။ ကင်းထောက် ဒရုန်းတွေနဲ့ မြို့ကို ပတ်ကြည့်နေတယ်။ ပြင်ဦးလွင်ကို အပြည့်ရအောင် ကာမယ့်သဘောထင်ပါတယ်” ဟု ပြင်ဦးလွင်တပ်နယ် စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။
အခြားတစ်ဖက်တွင်လည်း စစ်တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ်များနှင့် တပ်ရင်းတပ်ဖွဲ့များတွင် ၂၄ နာရီ လုံခြုံရေးတိုးမြှင့်လိုက်ပြီး ဗိုလ်လောင်း ကျောင်းသားများ၊ ဆရာများ၊ တပ်မိသားစုဝင်များကို အပြင်ထွက်ခွင့် အလွန်တင်းကျပ်ထားကြောင်း သိရှိရသည်။
“ထွက်ပြေးမှာစိုးလို့လား၊ လုံခြုံရေးပူပန်လို့လားတော့မသိဘူး။ အပြင်ထွက်ခွင့်တွေ ကျပ်ကုန်တယ်။ အားလပ်ရက်တောင် ပေး မထွက်တော့ဘူး။ အပြင်ထွက်ခွင့် အဆင့်ဆင့် တင်းကျပ်ထားတယ်။ ပြင်ဦးလွင် တပ်နယ်အားလုံးမှာဖြစ်နေတာ။ စစ်ဖြစ်တော့မှာကို ကြိုပြင်သလိုကို ပြင်နေရတာ” ဟု ပြင်ဦးလွင်တပ်နယ် စစ်သတင်းရင်းမြစ်က ရှင်းပြသည်။
ပြင်ဦးလွင်မြို့အတွင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးများကို လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် ၊ ရပ်ရွာများအတွင်း သူစိမ်း ဝင်ရောက်သည်နှင့် ချက်ချင်းအကြောင်းကြား စောင့်ကြည့်ရန် အမိန့်ထုတ်ထားသည်ဟု သိရှိရသည်။
ဓာတ်ပုံ- ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်ကျောင်း။