မြဝတီမြို့နယ်ရှိ စစ်တပ်၏ ဝေါ်လေဗျူဟာကုန်းမှ ထွက်ပြေးလာသည့် စစ်သား ၂ ဦးကို ဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၃၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက်၊ ဝေါ်လေဗျူဟာကုန်းမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်သား ၂ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း Freedom Fighter တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၁ ရက်နေ့က မြဝတီမြို့တောင်ဘက်၊ ဝေါ်လေဗျူဟာကုန်းရှိ ခမရ ၅၅၉ တပ်မှ တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့သည် အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း ဆက်လက် တာဝန် ထမ်းဆောင်လိုခြင်းမရှိသဖြင့် လက်နက်မဲ့ထွက်ပြေးလာခဲ့ရာ Freedom Fighter ဌာနချုပ်စစ်ကြောင်းက ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထုတ်ပြန်ချက်ထဲမှာရေးထားတာတွေကတော့ သူတို့ဆီက သိရသမျှပါ၊ ဒီနေ့ပဲ ပြည်သူ့ပန်းတိုင်အဖွဲ့ကို အပ်နှံလိုက်ပါပြီ၊ သူတို့ ဆက်လက်တာဝန်ယူပါမယ်ဗျ” ဟု Freedom Fighter တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက် စစ်ကောင်စီတပ်အတွင်း၌ အချင်းချင်း အနိုင်ကျင့် နှိပ်စက်မှုများကို မခံနိုင်သဖြင့် ရေချိုး မည်ဟု ဆိုကာ ၎င်းတို့ကိုင်ဆောင်သော MA – 3 နှင့် MA – 1 သေနတ်များကို ထားခဲ့ပြီး ထွက်ပြေးလာ ခဲ့ခြင်းဖြစ်ကြောင်း၊ ဝေါ်လေဗျူဟာတွင် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ရှိပြီး တပ်ရင်းမှူး မရှိပဲ ဒုတပ်ရင်းမှူးနှင့် ဗျူဟာမှူးရှိကြောင်း ၊ ဗျူဟာမှူးသည် အသက် ၃၅ နှစ် အရွယ် ဖြစ်ပြီး ၂ လ လျှင် တစ်ကြိမ် အပြောင်းအလဲ လုပ်ပြုလုပ်ကြောင်း၊ ဗျူဟာကုန်း၌ လက်နက်ကြီး ဟောင်၀စ်ဇာ ၁ လက် ၊ ၁၂၀ မမ ၁ လက်၊ ၈၁ ၁ မမ လက်၊ ၆၀ မမ ၁ လက်နှင့် စနိုက်ပါ ၂ လက် ရှိ ကြောင်း၊ ဗျူဟာ ကုန်းပေါ်တွင် ရေတွင်း ရှိကြောင်း ၎င်းတို့ ထွက်ဆိုချက်များအရ သိရသည်။
အဆိုပါ ဖမ်းဆီးရရှိသော စစ်သား ၂ ဦးကို Freedom Fighter ဌာနချုပ်စစ်ကြောင်းမှ အရာရှိများက လိုအပ်သည်များ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပြည်သူ့ပန်းတိုင် အဖွဲ့နှင့် ချိတ်ဆက်ကာ အပ်နှံပေးခဲ့ကြောင်း သိရှိရသည်။