ကျောက်မဲရဲစခန်းတွင် ဗုဒ္ဓဘာသာ သာသနာ့အလံထောင်ပြီး ရဲများ ထွက်ပြေး၊ အချုပ်သားများကို လူသားဒိုင်းအဖြစ် အတူခေါ်ဆောင်သွား
ရန်ကုန်၊ နိုဝင်ဘာ ၁
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျောက်မဲမြို့နယ် မြို့မရဲစခန်းတွင် သာသနာ့အလံထောင်ပြီး ရဲများက အချုပ်သားများခေါ်ဆောင်၍ ရဲစခန်းမှ ထွက်ပြေးနေကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ နောင်ချို၊ သိန္နီမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျောက်မဲမြို့နယ်ကိုလည်း လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ ကျောက်မဲမြို့နယ်ရဲစခန်းမှ ရဲများက စခန်းတွင် သာသနာ့အလံထောင်ကာ ရဲစခန်းတွင် မနေတော့ဘဲ အချုပ်သား များ ခေါ်ဆောင်၍ နီးစပ်ရာ စစ်တပ် တပ်ရင်းများထဲသို့ ထွက်ပြေးကြကြောင်း သိရှိရသည်။
“ကျောက်မဲရဲစခန်းက ရဲတွေ အကုန် မိုင်းတင်းသွားတဲ့ လမ်းပေါ်မှာရှိတဲ့ စစ်တပ်ထဲ ထွက်ပြေးကြတယ်။ သူတို့နဲ့အတူ အချုပ်သားတွေလည်း အကုန်ခေါ်သွားတယ်။ လူသားဒိုင်းအဖြစ် သုံးဖို့ (သို့မဟုတ်) အတူတူ စစ်တိုက်ခိုင်းဖို့လားမသိဘူး။ အချုပ်သားတွေရဲ့ မိဘဆွေမျိုးတွေကတော့ အကုန်စိတ်ပူနေကြပြီ။ ရဲစခန်းမှာ အစောင့် တစ်ဦးစ နှစ်ဦးစလောက်ပဲ ကျန်တယ်။ ” ဟု ကျောက်မဲဒေသပြည်သူတစ်ဦးက ဆိုသည်။
ကျောက်မဲမြို့ပေါ်တွင် တရားရုံး၊ ထွေအုပ်ရုံး၊ လ၀ကရုံးများ၊ ဆက်သွယ်ရေးရုံးနှင့် ပို့ဆောင်ရေး ရုံးများအပါအဝင် ဌာနဆိုင်ရာ ရုံးများအားလုံးမှာ ဆိုင်းဘုတ်များ ဖြုတ်ချလိုက်ပြီး ဝန်ထမ်းများမှာလည်း နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရသည်။
