ညောင်လေးပင်ခရိုင်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၅ နှစ်အောက် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၁ ဦး ဒဏ်ရာရ
ရန်ကုန်၊ နိုဝင်ဘာ ၁
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၅ နှစ်အောက် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ခွဲခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ က သာယာကုန်းမှ နေ၍ ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ညီအစ်မ ၂ ဦးဖြစ်သူ ၁၃ နှစ်အရွယ် မအိရွှေစင်၊ အသက် ၁၈ နှစ်အရွယ် မသွန်းရွှေစင် နှင့် အသက် ၅၅ နှစ်အရွယ် ဒေါ်သေးသေး၊ အသက် ၅၈ နှစ်အရွယ် ဦးထွေးတင်တို့ လက်နက်ကြီး ကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀က အောက်တိုဘာ ၃၀ ရက်နေ့ ည ၈ နာရီ ၁၂ နာရီကျော်ခန့်တွင် ညောင်လေးပင်စခန်းမှ ၁၂၂ မမ လက်နက်ကြီး နှင့် လေဆူမှန်တိုင်းမှ ၈၁ မမ လက်နက်ကြီး စုစုပေါင်း ၁၉ လုံးကို ပြည်သူများရှိရာ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများသည် ပျဉ်ရေကြီးကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ရေဖြူကန်ကျေးရွာ၊ ကောက်မဲ့သူ ရော်ဘာခြံ၊ ညောင်ပင်ကြီးကျေးရွာနှင့် မီးလောင်ကုန်းကျေးရွာတို့ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ရေဖြူကန်ကျေးရွာမှ အသက် ၁ နှစ်ခွဲအရွယ် မောင်မင်းဇော်ခန့်၊ အသက် ၃ နှစ်အရွယ် မယွန်းယွန်း၊ အသက် ၂၈ နှစ်အရွယ် မခင်မိုးဝေနှင့် အသက် ၂၇ နှစ်အရွယ် မောင်ရန်ဝင်းအောင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။
အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ အမှတ် (၂) ခြေမြန်တပ်ရင်းမှ အောက်တိုာဘ ၂၂ ရက် နံနက် ၆ နာရီ ခွဲအချိန်တွင် လက်နက်ကြီး ၂ လုံး ပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ ပစ်ခတ်ခဲ့ရာ ငှက်ပျောတောကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ- ဗဟိုထံမှ သိရသည်။
လက်နက်ကြီးများသည် ငှက်ပျောတောကျေးရွာ ထီးညဟိုး တံတားအနီးရှိ ဦးထွန်းဝင်း၏ အိမ်ဝန်း အတွင်း ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးကျည်စထိမှန်၍ အသက် ၄၁ နှစ်အရွယ် ဦးထွန်းဝင်း ၊ အသက် ၃၁ နှစ်အရွယ် ဒေါ်မိဝင်း နှင့် အသက် ၄၀ နှစ်အရွယ် ဒေါ်ကတုံးမ တို့ ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ ဦးထွန်းဝင်း၏ နေအိမ် ထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်သည်။
အကြမ်းဖက် စစ်တပ်သည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများထဲသို့ မကြာခဏ လက်နက်ကြီးပစ်ခတ်နေ၍ ဒေသပြည်သူများမှာ ထိတ်လန့်ကြောက်ရွံ့စွာ နေထိုင်ရကာ စားဝတ်နေရေး အခက်ခဲများစွာရှိနေကြောင်း သိရှိရသည်။


