28.5 C
Yangon

၁၀၂၇ စစ်ဆင်ရေး၏ ၆ ရက်မြောက်နေ့တွင် ရင်ကွဲတောင်၊ မန်ခမ်း နှင့် မန်တုံပ စုစုပေါင်း စစ်စခန်း ၃ ခု ထပ်မံ သိမ်းယူနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိ

Must read

၁၀၂၇ စစ်ဆင်ရေး၏ ၆ ရက်မြောက်နေ့တွင် ရင်ကွဲတောင်၊ မန်ခမ်း နှင့် မန်တုံပ စုစုပေါင်း စစ်စခန်း ၃ ခု ထပ်မံ သိမ်းယူနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲနေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၆ ရက်မြောက် စစ်ဆင်ရေးနေ့တွင် စစ်စခန်း ၃ ခု ထပ်မံ သိမ်းယူနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် မူပန် (သိန္နီ) ဒေသလုံခြုံရေးအဖွဲ့ တို့သည် ကွမ်းလုံမြို့နယ်ရှိ စစ်တပ်၏ “အမြောက်တပ်ရင်း (၁၂၇) စခန်း” ကို စတင် ထိုးစစ်ဆင်ခဲ့ပြီး ၎င်းစခန်း၏ ဒုတိယတန်း ကာကွယ်ရေးစစ်ကြောင်းအထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

နံနက် ၇ နာရီခန့်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ စစ်တပ်၏ “မန်တုံပတပ်စခန်း” ကို အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၉ နာရီ ၈ မိနစ်ခန့်တွင် ကိုးကန့်ခရိုင်၊ မုံးကိုးတိုက်ပွဲအတွင်း မြေပြင် ရှင်းလင်းရေးများ လုပ်ဆောင်နေချိန် စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် TNLA တပ်မဟာ ၅ စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယု- နမ့်ဖတ်ကာ အကြားရှိ အကြမ်းဖက် စစ်တပ်၏ “ရင်ကွဲတောင်တပ်စခန်း” ကို အပြီးသတ် ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

မွန်းလွဲ ၄ နာရီ ၄၅ မိနစ်တွင် TNLA တပ်မဟာ ၁ စစ်ဒေသ၊ မူဆယ်-နမ့်ခမ်းမြို့ အဝင်တွင်ရှိ အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ် အဖွဲ့များ ပူးပေါင်း တပ်စွဲထားသော “မန်ခမ်းတပ်စခန်း” ကို အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ညနေ ၄ နာရီ ၃၀ မိနစ် တွင် TNLA တပ်မဟာ ၂ စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ အုမ္မခါးဘက်၌ အကြမ်းဖက် စစ်တပ်က စစ်ကား ၂၂ စီးဖြင့် စစ်ကူများ ရောက်ရှိလာသောကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ကျောက်မဲမြို့နယ်ရှိ ၅၀၂ တပ်စခန်းက နောင်ပြစ်ကျေးရွာအနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းခဲ့ပြီး အုမ္မခါးနှင့် ဆမ်မဆယ်ကျေးရွာအနီးကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လာရောက်ပစ်ခတ် ဗုံးကျဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် ၁၀၂၇ စစ်ဆင်ရေး ၏ စစ်ရှိန် မြင့်တက်လာခြင်း၊ ရင်ဆိုင်တိုက်ပွဲများတွင် စစ်ရေးပန်းလာခြင်းနှင့် အထက်အမိန့်ကို မဖီဆန်နိုင်၍သာ တာဝန် ထမ်းဆောင်နေရသဖြင့် စိတ်ဓာတ်ရေးရာ ပျက်ပြားလာခြင်းများကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အရေအတွက် တနေ့ထက်တနေ့ များပြားလာကြောင်း သိရှိရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ စစ်ရှိန်မြင့်နေသော တအာင်းပြည်နယ်အတွင်း နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ စသည့် နေရာဒေသများရှိ အရပ်သား ပြည်သူများကို ပစ်မှတ်ထား၍ စစ်တပ်က ဂျက်လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီက ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာဒေသများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် ရည်ရွယ်ချက်ရှိရှိ အကြောင်းမဲ့ လုပ်ဆောင်ခြင်းများ ပိုမိုမြင့်တက်လာလျက်ရှိကြောင်း၊ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်မှစ၍ ၆ ရက်တာ ကာလအတွင်း စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော တပ်စခန်း ၈၇ ခုကျော်ကို အပြီးသတ် သိမ်းပိုက်ခဲ့​ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ လက်နက်ကြီးအမြောက်တစ်ခုကို သိမ်းဆည်းရရှိစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article