ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို လိုက်လံ တိုက်ခိုက်မှု ဒုစစ်ကြောင်းမှူး ၁ ဦးအပါအဝင် စစ်သား ၁၀ ဦး သေဆုံးပြီး ၁ ဦးအရှင် ဖမ်းဆီးရမိ
■ ဆောမြို့နယ်မှ ပေါက်မြို့နယ်ကို ရေကူး၍ ဝင်လာသည့် စစ်သား ၄ ဦး ရေနစ် သေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို လိုက်လံ တိုက်ခိုက်ရာ ဒုစစ်ကြောင်းမှူး ၁ ဦးအပါအဝင် စစ်သား ၁၀ ဦး သေဆုံးပြီး ၁ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ပေါက်မြို့နယ်၊ ကန်သစ်ကျေးရွာကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသော စစ်သားများကို ကန်သစ်ကျေးရွာမှ နွားလှည်းများဖြင့် တင်ဆောင်ပြီး ဖလံကိုင်း ရေနံမြေရဲစခန်းကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၅ နာရီခန့်မှ ည ၁၁ နာရီ ၂၀ မိနစ်ထိ စစ်တပ် စစ်ကြောင်း တပ်စွဲထားသော ဖလန်ကိုင်း ရေနံမြေရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Rocket ၁၁ လုံး အီနာဂါ ဗုန်းသီး ၁၄၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက ဖလန်ကိုင်း ရေနံမြေရဲစခန်းမှ စစ်သားများ ထွက်ခွာလာနိုင်သည့် နေရာများကို ပိတ်ဆို့ကာ စောင့်ဆိုင်းခဲ့ပြီး မွန်းလွဲ ၁ နာရီ ၄၇ မိနစ်တွင် လှုပ်ရှားမှု တွေ့ရှိသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ စစ်သားများ အထိနာပြီး ရှေ့သို့ ဆက်မတိုးရဲတော့ဘဲ မကျည်းကုန်ကျေးရွာ အရှေ့ဘက်ရှိ စစ်တပ် စခန်းကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။
နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ဖလံကိုင်းကျေးရွာမှ သစ်ကြီးတော၊ ထန်းပေါက်ကုန်း၊ ဂွေးကြီးယို၊ ကံသာကုန်း ဘက်ကို ထမ်းစင်မြောက်များစွာဖြင့် ထွက်ခွာလာသော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ကွင်းကောင်းသော နေရာများတွင် အသင့်စောင့်ကြို နေရာယူထားရှိပြီး မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦး ထက်မနည်း သေဆုံးနိုင်ပြီး ၇ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က Mi -35 ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး ရာသီဥတုအခြေအနေကြောင့် Mi-35 ရဟတ်ယာဥ်မှာ ပြန်လှည့်သွားကြောင်း သိရသည်။
ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံသစ်ရွာအဝင်တွင် မိုင်းဆွဲခံရပြီး တိုက်ခိုက်မှုအတွင်း သေဆုံး\ဒဏ်ရာရရှိသော စစ်သားများ၏ အသားစများ ပုတ်ပွနေမှုကို တွေ့ရှိရပြီး ၎င်းစစ်ကြောင်းမှ ထွက်ပြေးလာသော တပ်သား ခင်မောင်ထွေးကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသော စစ်သားကို တော်လှန်ရေး တပ်ဖွဲ့များ စစ်ဆေးရာတွင် တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၂၅၁ ၊ တပ်ရင်း ၇၀၄ တို့သည် အင်အား ၂၅၀ ခန့်ဖြင့် ပျူစောထီး ၆၂ ဦးကို လမ်းပြခေါ်ဆောင်ကာ စစ်ကြောင်းထိုးပြီး ပြည်သူ ၃၀ ကျော် ဖမ်းဆီးထားကြောင်းနှင့် ပခုက္ကူမှ ထွက်လာစဥ် ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ထွက်ဆိုထားဟု သိရသည်။
ပေါက်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကြောင်းသည် အုန်းတောတံတား အနီးတွင် မိုင်းရှင်းလင်းစဉ် ပဒေသာမိုင်းပေါက်ကွဲပြီး ဒုစစ်ကြောင်းမှူး သေဆုံး၍ စစ်သား အများအပြား၏ ရုပ်အလောင်းများကို ရေထဲမျှောကာ ထားရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်-ပကဖ၊ ပေါက် -ပကဖ၊ Earthquake အဖွဲ့ ၊ တောင်ညို နဂါး ၊ ပေါက် ဗိုလ်တစ္ဆေ အဖွဲ့ ၊ ပေါက် ဗိုလ် နားပေါက် အဖွဲ့ ၊ မြိုင် နဂါးနီ ၊ မြိုင် -ပအဖ ၊ မြိုင်- ပလဖ ၊ မြိုင် ကျေးရွာကာကွယ်ရေးအဖွဲ့ ၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ ၊ ပခုက္ကူ မြို့ပြပျောက်ကျားတပ်ဖွဲ့ နှင့် တခြားပူးပေါင်းကာကွယ်ပေါင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် ဆောမြို့နယ် ချောင်းကူးရွာဘက် မှ ပေါက်မြို့နယ် ရွှေဘုံသာရွာဘက်ကို ခြေလျင် ရေဖြတ် ကူးလာသော စစ်သား ၇ ဦးခန့်သည် ရေနစ်ကာ MA 3 သေနတ် ၂ လက် ရေထဲမျောပါပြီး ၁ လက်မှာ ပြန်လည်ရှာဖွေတွေ့ရှိကာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။