တွံတေးတူးမြောင်းအတွင်း ကင်းလှည့်နေသော စစ်တပ်ကင်းလှည့်ရေယာဉ်ကို ၄၀ မမ၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၃
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ တွံတေးတူးမြောင်းအတွင်း ကင်းလှည့်နေသော စစ်တပ်ကင်းလှည့်ရေယာဉ်ကို ၄၀ မမ၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တွံတေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် ရန်ကုန်တောင်ပိုင်းခရိုင် ဇုန်(၁)နယ်မြေရှိ တွံတေးမြို့နယ်ပကဖ ၏ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့သည် တွံတေးတူးမြောင်းအတွင်း ကင်းလှည့်နေသော စစ်ကောင်စီရေတပ် ကင်းလှည့်ရေယာဥ်ကို အဝေးပစ် ၄၀ မမ ဗုံးပစ်လက်နက်၊ မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် တွံတေးဘောတံတားဆိပ်သို့ စစ်ရေယာဥ် ၂စီး စုစုပေါင်း အင်အား ၂၀ကျော်ဖြင့် ရောက်ရှိလာပြီး တူးမြောင်းအတွင်း ဖြတ်သွားဖြတ်လာ လှေ၊ သင်္ဘောများအား ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
“အထိအခိုက်တော့မသိရသေးဘူး။ ဒါပေမယ့် ဒီကောင်တွေ ဖြုံတော့သွားတယ် နေရာတိုင်းကနေ တိုက်ခိုက်ခံရနိုင်တယ်ဆိုတာကို သိစေချင်တယ်” ဟု ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူတစ်ဦးကပြောသည်။
“တူးမြောင်းထဲမှာ ပစ်ခတ်သံကြားပြီးနောက် နာရီဝက်လောက်နေတော့ စပိဘုတ်တစ်စီး အင်အား ၅ ဦးခန့်နဲ့ တူးမြောင်းအတိုင်း အမြန်မောင်းချသွားတာတွေ့ လိုက်တယ်” ဟု မျက်မြင်တစ်ဦးက ပြောသည်။