27 C
Yangon

ကန့်ဘလူမြို့နယ်ရှိ ငှက်ပျောတိုင်းရွာနှင့် လျှော်ဖြူကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၅ လုံး မီးလောင် ပြာကျ ပျက်စီး

Must read

ကန့်ဘလူမြို့နယ်ရှိ ငှက်ပျောတိုင်းရွာနှင့် လျှော်ဖြူကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၅ လုံး မီးလောင် ပြာကျ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ငှက်ပျောတိုင်းရွာနှင့် လျှော်ဖြူကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု ပြည်သူပိုင် နေအိမ် ၃၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဇီးကုန်းတိုက်နယ် အတွင်းရှိ ငှက်ပျောတိုင်းရွာ ဓာတ်အားပေးရုံ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် ဓာတ်အားပေးရုံမြောက်ဘက်ရှိ ပြည်သူပိုင် နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ ညနေ ၃ နာရီခန့်တွင် ကိုးတောင်ဘို့အထိုင် ခြေမြန်တပ်ရင်း ၃၆၃ နှင့် ပျူစောထီး အင်အား ၈၀ ခန့်သည် လျှော်ဖြူကုန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် အလုံး ၃၀ ကျော်ကို မီးရှို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ ပါဝင်သော စစ်ကြောင်းသည် ငှက်ပျောတိုင်းရွာရှိ ဓာတ်အားပေးရုံ၌ အထိုင်ချတပ်စွဲထားသည်မှာ ၁ လခွဲခန့် ရှိနေပြီဖြစ်ပြီး ငှက်ပျောတိုင်းရွာ၊ ခအုံးတာရွာနှင့် ပေကြီးရွာတို့မှ ပြည်သူများ စစ်ဘေးရှောင်တိမ်းနေရသည်မှာလည်း ၂ လနီးပြန့်ခန် ကြာမြင့်နေပြီးဖြစ်ကြောင်း သိရသည်။

လျှော်ဖြူကုန်းရွာသည် ကိုးတောင်ဘို့အထိုင်နှင့် နီးကပ်သည့် အတွက် စစ်တပ်၏ စစ်ကြောင်းထိုးခြင်းကို အမြဲလိုလို ခံနေရပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်အပြင် ၂၀၂၂ ခုနှစ် ၁၁ လပိုင်းကလည်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လျှော်ဖြူကုန်းရွာမှ အသက် မပြည့်သေးသည့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၃ ဦးနှင့် ဇီးကနားရွာမှ ပြည်သူ ၁ ဦးသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ် ၆ လပိုင်းတွင် လျှော်ဖြူကုန်းရွာကို ပထမအကြိမ် မီးရှို့ခဲ့ပြီး နေအိမ် ၁၂၀ လုံး ပြာကျခဲ့ကြောင်း ၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ၉ လပိုင်းတွင် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂ လုံစ ပြာကျခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ၄ လပိုင်းတွင် တတိယအကြိမ်အဖြစ် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article