ဂန့်ဂေါမြို့နယ်၊ မြောက်စီးစစ်စခန်းနှင့် တောင်ခင်ရန်း ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်
ရန်ကုန်၊ နိုဝင်ဘာ ၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မြောက်စီးတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။
ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့ကတည်းက မြောက်စီးကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စီးနင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ကလေးခရိုင်တပ်ရင်း ၄ ၊ CNDF၊ CDF KKG၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်း အများပြားနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
ထို့ပြင် နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်း မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းရွာရဲစခန်းတွင် စစ်ကောင်စီအဖွဲ့ဝင်များက တိုက်ပွဲမဖြစ်ပွားဘဲ ထွက်ပြေးကြသဖြင့် အဆိုပါ တောင်ခင်ရန်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရှင်းလင်း လိုက်ကြောင်း သိရှိရသည်။
” မနေ့က မြောက်ခင်ရန်းရွာက ပျူတွေက သူတို့ကိုလာကြိုသွားတာ။ တောင်ခင်ရန်းရဲစခန်းကနေ မထွက်ခင် ညနေပိုင်း စခန်းနားက အိမ်တွေကိုမီးရှိူ့သွားသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
တောင်ခင်ရန်းရွာရဲစခန်းတွင် စစ်ကောင်စီအဖွဲ့ဝင် ၄၀ နှင့် ၅၀ ဦး အကြားရှိပြီး ယမန်နေ့ ညနေပိုင်း တောင်ခင်ရန်းစခန်းမှ ကလေးမြို့နယ်ရှိ ပျူစောထီးများနေထိုင်သော ကျောက်ပြုတ်ရွာသို့ သွားရောက် နေထိုင်အင်အား ပေါင်းစည်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- မြောက်စီးစစ်တပ်စခန်းမှ ဖမ်းဆီးရရှိသည့် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။