နောင်ချိုမြို့နယ် ရွှေညောင်ပင်နှင့် လွယ်တောင်းကျေးရွာတို့တွင် စစ်တပ်က တပ်စွဲထားပြီး ပြည်သူ ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် အပြင်ထွက်ခွင့်မပေးဘဲ ဖမ်းဆီးထား
ရန်ကုန်၊ နိုဝင်ဘာ ၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်နှင့် လွယ်တောင်းကျေးရွာတို့တွင် စစ်တပ်က တပ်စွဲထားပြီး ပြည်သူ ၁၀၀ ကျော်ကို အပြင်ထွက်ခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၄ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာတွင် စစ်တပ်က စစ်ကား ၄၀ စီး၊ သံချပ်ကာ ကား ၂ စီး ရောက်ရှိ တပ်စွဲထားကြောင်း၊ ထို့ပြင် လွယ်တောင်းကျေးရွာ အရှေ့ဘက်ရှိ တောင်ကုန်းများပေါ်တွင်လည်း ရဟတ်ယာဉ်များဖြင့် စစ်သားများ လာရောက်ချထားကြောင်း ၊ စစ်တပ်က ရွှေညောင်ပင်ကျေးရွာနှင့် လွယ်တောင်းကျေးရွာအတွင်းမှ ပြည်သူများကို နေအိမ်များနှင့် ဘုန်းကြီးကျောင်းတွင်သာ နေထိုင်ခိုင်းပြီး ပြင်ပသို့ ထွက်ခွင့်မပြုကြောင်း သိရှိရသည်။
“ပြည်သူတွေကို နေအိမ်တွေနဲ့ဘုန်းကြီးကျောင်းတွေမှာ နေခိုင်းတယ်။ အပြင်ထွက်ခွင့်မရဘူး။ ဘိုးဘွားတွေနဲ့ ကလေးတွေ စုပေါင်း
ပြည်သူ ၁၀၀ကျော်လောက်ရှိနေပါတယ်။ ရွှေညောင်ပင်ကျေးရွာနဲ့ လွယ်တောင်းကျေးရွာမှာ စစ်တပ်က အခိုင်အမာတပ်စွဲထားပါတယ်။ ရွာသူရွာသားတွေကို ဘယ်ကိုမှ ပေးမထွက်တာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။
လက်ရှိ နောင်ချိုမြို့နယ်တွင် စစ်တပ်နှင့် TNLA ဦးဆောင်သော တော်လှန်ရေး မဟာမိတ်တပ်များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နောင်ချိုမြို့ထဲအထိပါ တိုက်ပွဲများ ဖြစ်ပွားမှုရှိကြောင်း၊ TNLA က နောင်ချိုမြို့နယ် ပြင်ပရှိ စခန်းကုန်းများနှင့် အချက် အချာကျသော စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရှိရသည်။
