ကော့ကရိတ်၊ မုံးကိုးနှင့် သိန္နီတို့တွင် စစ်တပ် ၏ ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ပြည်သူ ၁၁ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးနှင့်သိန္နီတို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့်တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုသည်။
အောက်တိုဘာ ၂၇ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တပ်မ ၄၄ လက်အောက်ခံ ခလရ ၉၇ ၏ ပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံးခဲ့ကြောင်း၊ အိုးအိမ်အဆောက်အအုံများနှင့် နွားများပါ သေဆုံးခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် ကော့ကရိတ်မြို့ပေါ် အမှတ်၇ တံတားဦီးရပ်ကွက်ရှိ လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၅ ဦးထိမှန်၍ ၂ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ထပ်မံ၍ လက်နက်ကြီးများ ပစ်ခတ်ရာ အရပ်သား ပြည်သူ ၃ ဦး ထပ်မံသေဆုံးခဲ့ပြီး ၂ ဦးထပ်မံ ဒဏ်ရာရကြောင်း၊ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကြောင်း ကျားဖြူစစ်ကြောင်းက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၄ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ကြောင်း၊ ထိုသို့ သိမ်းပိုက်နေစဉ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်ရာ မုံးကိုးခရိုင်၊ မုံးကြည်ဒေသ၊ နန်တုန်ရွာအုပ်စု၊ ရှင်းကျိုင့်ရွာအတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၃ ဦး၊ လူကြီး ၂ ဦး စုစုပေါင်း ပြည်သူ ၅ ဦး သေဆုံးခဲ့ရကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပြောသည်။
ထို့အတူ နိုဝင်ဘာလ ၄ ရက်နေ့ သိန္နီမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်မှ ည ၇ နာရီအချိန်အထိတွင် စစ်တပ်က လေကြောင်းမှ တစ်ဆင့် မုံးယောင်ဒေသ၊ ဟွေလော့ရွာကို ဗုံးကျဲတိုက်ခိုက်သဖြင့် အရပ်သားတစ်ဦးသေဆုံးခဲ့ရကြောင်း သိရှိရသည်။


