မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၇
ကရင်နီ(ကယား) ပြည်နယ် ၊ မယ်စဲ့မြို့နယ်၊ ပန်းတိန်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၆ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၇ ရက် နေ့တွင် ယခင်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင် များ အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း ၊စခန်းသိမ်းပိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“လက်နက်တွေလည်း သိမ်းဆည်းရရှိထားပါတယ်၊ အရေအတွက်အတိအကျမသိဘူးပေါ့၊ ကျနော်တို့ ဘက်ကတော့ ၁၄ ယောက် ဒဏ်ရာတယ်၊ ၂ ယောက်ကတော့ အသက်ပေးရတယ်၊ အလုပ်လုပ်တာ ဆိုတော့ အပြန်အလှန်တော့ ရှိတာပေါ့၊ ဟိုဘက်ကတော့ အလောင်း ၁၆ လောင်း၊ ၁၇ လောင်းလောက် တွေ့တယ်၊ စခန်းသိမ်းပြီးတော့ ရတဲ့ ပစ္စည်းတွေ သယ်ပြီးတော့ ဆုတ်လာခဲ့တာ၊ စခန်းသိမ်းပြီးတဲ့ အချိန် မှာပဲ လေယာဉ်လာတယ်၊ ၂ ခါ ၃ ခါလောက် ဗုံးကျဲပြီဆိုတော့ ခပ်မြန်မြန်လုပ်ခဲ့ရတာ” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို KA ၊ ကရင်နီပြည်ရှိတော်လှန်ရေးတပ်ပေါင်းစု နှင့် KNPLF (ကလလတ) ကရင်နီ ပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ကရင်နီပူး ပေါင်းတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သိရသည်။