ကျောက်ကြီးမြို့နယ်နှင့် မိုးမောက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာတော် ၁ ပါး သေဆုံးပြီး ပြည်သူ ၄ ဦးဒဏ်ရာရ
ရန်ကုန်၊ နိုဝင်ဘာ ၈
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သံဃာတော် ၁ ပါးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၇ နာရီမှစ၍ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်ဖွဲ့များအကြား မိနစ် ၂၀ အကြာတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁၂ လုံးကို ပြည်များ နေထိုင်ရာ ကျေးရွာများ အတွင်း ပစ်ခတ်ခဲ့ရာ အလယ်ကျေးရွာ၊ ငါးဖယ်အင်း ကျေးရွာ၊ သမင်အင်းကုန်းကျေးရွာ၊ ကညင်ကျိုးကျေးရွာနှင့် ခင်ကန့်လန့်ကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ခင်ကန့်လန့်ကျေးရွာ အတွင်း ကျရောက်ခဲ့သော လက်နက်ကြီးသည် ကျေးရွာနေ ပြည်သူ စောကျဲကျဲ၏ နေအိမ်ကို ထိမှန်ကာ သက်တော် ၇၀ ရှိ ဥူးဇင်းဦးသောမ လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တလခင်ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး တလိုင်းခင်ရွာသား စောပယော်ဖိုး၏ ပုဇင်း ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ မံပုံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် မိုးမောက်မြို့နယ်ရှိ မံပုံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံးထိမှန်ကာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မနေ့ညက မိုးမောက်မြို့ မံပုံရွာထဲကို စစ်ခွေးတွေ ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ ၄ အိမ် ထိသွားပြီး လူ ၄ ဦး ဒဏ်ရာရသွားပါတယ်။ အူပွင့်တဲ့ လူနာက သွေးထွက်လွန်လို့ အချိန်မှီ သွေး ၃ လုံး အမြန်သွင်းပေးလိုက်ရတယ်။ စိတ်ချရတဲ့ အခြေအနေရောက်မှ ဗန်းမော်ပြည်သူ့ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။