မူဆယ်မြို့နယ်၊ မန်ဖာကျေးရွာတွင် TNLA နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိ၊ မဟာမိတ် ရေးရာရုံးမှ အပြန်အလှန်ဆက်သွယ်ကာ ဖြေရှင်းသွားမည်ဟု TNLA ထုတ်ပြန်
ရန်ကုန်၊ နိုဝင်ဘာ ၈
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ကြား မန်ဖာကျေးရွာတွင် TNLA နှင့် SSPP/SSA တို့ကြား တိုက်ပွဲဖြစ်ပြီး မဟာမိတ် ရေးရာရုံးမှ အပြန်အလှန် ဆက်သွယ်ကာ ဖြေရှင်း သွားမည်ဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့က “၁၀၂၇ စစ်ဆင်ရေး” တာဝန်ယူနေကြသည့် PSLF/ TNLA မှ တပ်စု တစ်စုကို SSPP/SSA တပ်ဖွဲ့ဝင် ၁၀ ဦးပါဝင်သည့်အဖွဲ့မှ လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာကာ စတင် ပစ်ခတ်တိုက်ခိုက်ရာက အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုအတွင်း TNLA တပ်ဖွဲ့ဝင် ၄ ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ ၂ ဦးပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ SSPP တပ်မှလည်း တပ်ဖွဲ့ ဝင် ၄ ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အခင်းမဖြစ်ပွားမီ နိုဝင်ဘာလ ၆ ရက်နေ့က မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ် ဆက်သွယ်ထားသည့် ကားလမ်းမကြီးအား တာဝန်ယူထာသည့် TNLA ၏ မိုင်းဆက်ရွာ၊ ဖိုင်ကျောင်းရွာ၊ မန်ဖာရွာလုံခြုံရေး စခန်းတို့ကို SSPP မှ နံနက်ပိုင်းတွင် ၃ ကြိမ်၊ မွန်းလွှဲပိုင်းတွင် ၅ ကြိမ် လာရောက်နှောင့်ယှက်ခြင်းနှင့် ဓါတ်ပုံ မှတ်တမ်းယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ SSPP အဖွဲ့ဝင်များမှ ရိုက်ကူးထားသည့်ဓါတ်ပုံများကို TNLA တပ်ဖွဲ့ဝင်များမှ ပယ်ဖျက်စေပြီး နောင်တွင် ထိုကဲသို့ မပြုလုပ်ရန် သတိပေးကာ ပြန်လွှတ်ပေးခဲ့သော်လည်း နိုဝင်ဘာလ ၇ ရက် နံနက် ပိုင်းတွင် SSPP ၏ တိုက်နယ်မှူးဖြစ်သူ စိုင်းမောင်အောင်မှ TNLA ၏ လုံခြုံရေးစခန်းအနီးသို့ ထပ်မံ ရောက်ရှိလာကာ တပ်နေရာချထားမှုတို့ကို ထပ်မံ ဓါတ်ပုံ မှတ်တမ်းရိုက်ယူမှု ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ယင်းကဲ့သို့ အကြိမ်ကြိမ် အခါခါ လာရောက်နှောင့်ယှက်နေမှုကြောင့် အကြောင်းရင်း သိရှိနိုင်ရန် SSPP ၏ တိုက်နယ်မှူး စိုင်းမောင်အောင်ကို TNLA တပ်ဖွဲ့မှ ခေတ္တ ခဏခေါ်ယူမေးမြန်းနေစဉ် SSPP မှ အရာရှိ ဖြစ်သူ စိုင်းလင်းနှင့် အဖွဲ့တို့ ရောက်ရှိလာပြီး စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံးကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ပြဿနာအား ကြီးထွားမလာစေရန် နှစ်ဖက်ခေါင်းဆောင်များက ထိန်းညှိ ထိန်းသိမ်းသွားမည်ဖြစ်ပြီး လက်ရှိပြဿနာအား မဟာမိတ်ရေးရာရုံးမှ အပြန်အလှန် ဆက်သွယ်ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ယခုပြဿနာအား အချိန်မှီ ထိန်းသိမ်းနိုင်ရန်နှင့် မဟာမိတ်အား ရှေးရှုသောအားဖြင့် စိုင်းမောင်အောင်ကိုလည်း ရပ်မိရပ်ဖထံ အပ်နှံပေးပြီးဖြစ် ပါကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

