၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုသော အားဖြင့် သန်လျင်မြို့ရှိခရိုင်တရားရုံးနှင့် တာမွေစည်ပင်ရုံးနှင့်အနီးရှိ CCTV Control Box ကို ဗုံးခွဲတိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၉
ရန်ကုန်တိုင်း၊ ရန်ကုန်မြို့တွင်တွင် ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသော အားဖြင့် သန်လျင်မြို့ရှိ တောင်းပိုင်းခရိုင်ခရိုင်တရားရုံးနှင့် တာမွေမြို့နယ် စည်ပင်သာယာရုံးနှင့်အနီးရှိ CCTV Control Box ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၉ ရက် ည ၇ နာရီ ၃၇ မိနစ်ခန့်က သန်လျင်မြို့ရှိ ခရိုင်တရားရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ ကြောင်း၊ ထိခိုက်ပျက်စီးမှု အခြေအနေကို အသေးစိတ်သိရှိရန် စုံစမ်းနေဆဲဖြစ်ပြီး မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၈နာရီခန့်က တာမွေမြို့နယ် စည်ပင်သာယာ အုပ်ချုပ် ရေးမှူးရုံး နှင့် ၎င်း၏အနီးရှိ CCTV control box တို့အား မိုင်းများ အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နည်းပညာ ချို့ယွင်းမှု တစ်ခုကြောင့် ပေါက်ကွဲမှု မရှိခဲ့ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်း တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို Anonymous Fighters Force -AFF ၊ Freeland Attack Force-FLA နှင့် Emerald Girls Army – EGA တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ပြပြောက်ကျား အင်အားစုအနေဖြင့် ရှမ်းမြောက် မြို့သိမ်းတိုက်ပွဲ ၁၀၂၇ စစ်ဆင်ရေးနှင့် ကရင်နီ ပြည် ၁၁၀၇ စစ်ဆင်ရေးတို့ကို ဝမ်းမြောက် ဝမ်းသာစွာ ထောက်ခံကြိုဆိုပါကြောင်းနှင့် အဆိုပါ စစ်ဆင်ရေးများနှင့်အတူ ဟန်ချက်ညီညီ စစ်ဆင်ရေးများအား ရန်ကုန်တွင် ဆက်လက်ဖော်ဆောင်သွား မည်ဖြစ်ကြောင်း အသိပေးထားသည်။
ယခုအချိန်သည် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီး၊ နွေဦး တော်လှန်ရေး အင်အားစု အသီးသီးနှင့် ပြည်သူတရပ်လုံးက ပါဝင်ကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးရေး၊ ဖက် ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို မမှိတ်မသုန် ဆောင်ရွက်သွား ကြရမည် ဖြစ် သဖြင့် အင်အားစုများအားလုံး အားသွန်ခွန်စိုက် ဆက်လက် ပူးပေါင်းပါဝင်ကြပါရန် အလေးအနက် တိုက်တွန်းထားသည်။
