လောက်ကိုင်မြို့ထဲတွင် ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၁၀၀ ကျော်က ကူညီကယ်ပေးပါရန် လှည့်လည် ဆန္ဒပြ
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်မြို့ထဲတွင် တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၁၀၀ ကျော်က ကူညီ ကယ်ဆယ်ပေးပါရန် လောက်ကိုင်မြို့ထဲတွင် လှည့်လည် ဆန္ဒပြကြကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသား ၁၀၀ ကျော်က တိုက်ပွဲများကြောင့် လောက်ကိုင်မြို့ထဲတွင် ပိတ်မိပြီး နေစရာ မရှိ၊ စားမရှိ ဖြစ်နေသဖြင့် ကူညီကယ်ဆယ်ပေးကြပါရန် ဆိုင်းဘုတ်ကိုင် လှည့်လည် လမ်းလျှောက် ဆန္ဒပြကြကြောင်း သိရှိရသည်။
“ဗီယက်နမ်လူမျိုးတွေပါ။ ကျားဖြန့် လုပ်ငန်းမှာ လုပ်ကိုင်ဖို့ အတင်းအကျပ် ခေါ်ယူခိုင်းစေခံရသူတွေ။ အခုတော့ ကျားဖြန့် ပိုင်ရှင်တွေလည်း ထွက်ပြေးကုန်ကြတာ၊ မရှိကြတော့ သူတို့တွေလည်း လောက်ကိုင်မြို့ထဲပိတ်မိ နေတာ။ နေစရာ မရှိ စားစရာမရှိဖြစ်
လှည့်လည် ဆန္ဒပြကြတယ်။ ဗီယက်နမ်လူမျိုး ၁၀၀ ကျော်မယ်ထင်တယ်။ လောက်ကိုင်မြို့ထဲမှာ သူတို့ကို ကူညီပါဆိုပြီး
စာရေးပီး အကူအညီတောင်းနေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က လောက်ကိုင်မြို့ကို ပြန်လည် သိမ်းယူမည်ဟု ကြေညာထားပြီး လောက်ကိုင်မြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊ လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်ကြသည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော်မှာလည်း လောက်ကိုင်မြို့အထွက် ပါစင်ကျော် ကျေးရွာအနီးတွင် ပိတ်မိနေကြောင်း သိရှိရသည်။


