မြိုင်မြို့နယ်၊ ကန်နီရွာမှ ပျူစောထီး ၈ ဦးအလင်းဝင်၊ မြင်းခြံမြို့ရှိ ထွေအုပ်ရုံးနှင့် စာတိုက်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ရုံးဝန်ထမ်း ၂ ဦး ဒဏ်ရာရ
ရန်ကုန်၊ နိုဝင်ဘာ ၁၁
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာမှ ပျူစောထီး ၈ ဦး အလင်းဝင်လာကြောင်း PKU N PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁ နေ့က မြိုင်မြို့နယ် ကန်နီပျူစောထီးရွာအတွင်းကို အလင်းဝင် ရောက်ရန် စာကျဲချခဲ့ရာ ကန်နီပျူစောထီး ရွာအတွင်းရှိ စာရရှိသူများထဲမှ ဦးပေါင်ထွန်း၊ ဦးလှိုင်မြင့်၊ ဒေါ်ခင် ဆွေ၊ ဒေါ်ညိမ်းဦး၊ ကိုအောင်ဇော်ဝင်း၊ ဦးဇော်မင်းအောင်၊ ဦးဌေးကြိုင်နှင့် ဦးဌေးနိုင်တို့ ၈ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အလင်းဝင်ရောက်လာကာ ၎င်းတို့ ၈ ဦးကို အဖွဲ့အစည်းတစ်ခုမှ ကြိုဆိုခေါ်ဆောင်ထားကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၁၀ ရက် ညနေ ၅ နာရီခန့်ကလည်း မြိုင်မြို့နယ်၊ ကန်နီပျူရွာအတွင်းရှိ ပျူစောထီး အဖွဲ့ဝင် ငြိမ်းအောင်၏ နေအိမ်ရှေ့သို့ RC Plane ဗုံးသီး ကျဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုံးကျဲချမှုကို ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းမှ လျှပ်စီးပြောက်ကျားတပ်ဖွဲ့နှင့် Pakokku North PDF တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ခြင်းကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စာတိုက်ရုံးတို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာတိုက်ရုံးပေါ်သို့ တိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ပြီး စာတိုက်ရုံးဝန်ထမ်း ၂ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဆိုပါရုံး ၂ ရုံးကိုShar Htoo Waw နည်းပညာ(Team 2)ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စာတိုက်ရုံးပေါ်ထိမှန်ပေါက်ကွဲမှုတွင် စာတိုက် ရုံး ဝန်ထမ်း ၂ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike အမှတ် ၁၈၄၈ တပ်ရင်း ၊ Shar Htoo Waw (Team2) ၊ မြင်းခြံမြိုနယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ ၊ မြင်းခြံခရိုင် တပ်ရင်း ၃-၄-၆ ၊ ငါန်းဇွန်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံ နဂါးနီ၊ ဒေါင်းနီပြောက်ကျားတပ်ဖွဲ့၊ မိုရှေဒါယန်အဖွဲ့၊ MHLG Wing မလိူင်ပကဖဒရုန်း ၊ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်းနှင့် ညောင်ဦးခရိုင် တပ်ရင်း၁ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
