ယင်းမာပင်မြို့နယ်ရှိ အမှတ် ၂၈ ရဲတပ်ရင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဖြင့်တိုက်ခိုက်
ရန်ကုန်၊ နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အမှတ် ၂၈ ရဲတပ်ရင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brother Defence Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၁၂ ရက် ညနေ ၆ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲအင်အား ၃၀ ခန့်ဖြင့် တပ်စွဲပြီး ပျူစောထီး အင်အား ၅၀ ခန့်ကို သင်တန်းပေးနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အပြန်အလှန် ပစ် ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သူတို့ ပျူတွေသင်တန်းပေးပြီးတော့ တန်းစီနေတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တယ်၊ လက်နက်ကြီးတွေနဲ့ ထုနေတဲ့အချိန်မှာ ရဲတပ်ရင်း ၂၈ ထဲကနေ ပြေးထွက်လာတော့ ထိတွေ့တိုက်ပွဲဖြစ်တာဖြစ်တယ်ဗျ၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာ၊ သူတို့ဘက်ကအတော်အထိနာသွားတဲ့အချိန်မှာ စစ်ကူတောင်းတော့ ရွှေတောင်ဦး သီတဂူမှာ တပ်စွဲထားတဲ့ စကစ က လက်နက်ကြီး ပစ်ကူတွေပေးတယ်၊ ကျနော်တို့ ဘက် ကတော့ ထိခိုက်မှုမရှိဘူး။ သူတို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတယ်၊ ထိခိုက်ဒဏ်ရာရတဲ့အတွက် စစ်ကူတောင်းတာတွေလည်း တွေ့ရတယ်ဗျ၊ “ ဟု Brother Defence Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့သို့ အထိနာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အနီးအနားရှိရွှေတောင်ဦးကုန်းသို့ စစ်ကူ တောင်းရာ ယင်းတပ်စခန်းကုန်းမှ ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ကူပေးတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force၊ မဲမှောင်ပျောက် ကြားတပ်ဖွဲ့နှင့် ယင်းမာပင် – ဆားလင်းကြီးလက်နက်ကြီးတပ်ပေါင်းစုတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။