ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်ထားသော ကောလင်းခရိုင် မြန်မာ့စီးပွားဘဏ်မှ ငွေကျပ်သိန်း ၉၀၀၀ ကျော်ကို NUG ကြားကာလ ဗဟိုဘဏ်က စာရင်းမှတ်တမ်းတင် သိမ်းဆည်းထား
ရန်ကုန်၊ နိုဝင်ဘာ ၁၄
ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြန်မာ့စီးပွားဘဏ်မှ ငွေကျပ်သိန်း ၉၀၀၀ ကျော်ကို NUGအမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဗဟိုဘဏ်က စာရင်း မှတ်တမ်းတင် သိမ်းဆည်းထားကြောင်း ကြားကာလ ဗဟိုဘဏ်က တရားဝင် သတင်းထုတ်ပြန် ပြောဆိုသည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကောလင်းခရိုင်အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရအုပ်ချုပ်ရေး ဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သည် ဘဏ္ဍာရေးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက် (SOPs-Standard Operating Procedure) အတိုင်းစနစ်တကျလိုက်နာ ဆောင်ရွက်လျက်ရှိပြီး ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၉၅၂.၃၄၃) အား လက်ခံသိမ်းဆည်းရရှိထားကြောင်း ၊ယင်းနောက် ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်သို့ အပ်နှံထားပြီး ကြားကာလဗဟိုဘဏ်အနေဖြင့် ကောလင်းခရိုင်၊ မြန်မာ့ စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင် ထားရှိကြောင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲလျက်ရှိကြောင်း ကြားကာလ ဗဟိုဘဏ်က ထုတ်ပြန် ကြေညာသည်။