ကွတ်ခိုင်နှင့် တန်ယန်းမြို့နယ်ရှိ စစ်တပ်နှင့် ပြည်သူ့စစ် တပ်စခန်း ၃ ခုကို TNLA က သိမ်းပိုက်ရရှိ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ TNLA ထံ လက်နက်အပ်နှံ
ရန်ကုန်၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် တန်ယန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ် တပ်စခန်း ၃ ခုကို TNLA က သိမ်းပိုက်ရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှောက်ဟော် ပြည်သူ့စစ် တပ်စခန်းကို TNLA က သိမ်းပိုက်ရရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ်၊ လွယ်ကန်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်း တပ်စခန်းကို TNLA က ထပ်မံ သိမ်းပိုက်ရရှိခဲ့ပြီး စခန်းအတွင်းရှိ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရိက္ခာများ သိမ်းဆည်းရခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၁၄ နေ့တွင် တန်ယန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဆိုင်လျံတပ်စခန်းကိုလည်း တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်ရှိ စစ်တပ် လက်အောက်ခံ မုံးဟွမ် ပြည်သူစစ် အဖွဲ့နှင့် မုံးပေါ် ပြည်သူ့ အဖွဲ့တို့က တအာင်းတပ်မတော် PSLF/TNLA ထံ လက်နက် ၁၀ လက် လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်၌ ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာ လမ်းခွဲတွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်တပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။