မတ္တရာတွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကျဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၊ ၂ ရက်တာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ထိခိုက်သေဆုံးသူ များပြား
ရန်ကုန်၊ နိုဝင်ဘာ ၁၅
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကျဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ် လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာ သို့ပြောဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ်ရှိ ကင်းရွာနှင့် ဆီးဖြူပင် ရွာအနီးကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဥ်များဖြင့် ၃ ကြိမ် ဗုံးကျဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” တိုက်ပွဲကတော့ မဖြစ်ဘူး။ လေယာဥ် ၁ စီးပဲ ၃ ပတ်ပတ်သွားပြီး ဗုံးကျဲသွားတယ်။ ဆီးဖြူပင်ရွာ စာသင်ကျောင်းထဲကို ဗုံးကျတယ်လို့တော့ သိထားတယ်။ လက်နက်ကြီးတွေနဲ့ကတော့ နံနက် အစောပိုင်းတည်းက ပစ်နေကျတာ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု ရှိလို့ လေယာဥ်နဲ့ လာပစ်တာလို့ သိထားရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
မတ္တရာမြို့နယ်အတွင်း နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ကာ ကင်းရွာကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ထိခိုက်သေဆုံးသူ များပြားခဲ့သောကြောင့် အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၁၄ ရက်နေ့နှင့် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တိုက်လေယာဥ်ဖြင့် ဗုံးကျဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ တိုက်လေယာဥ် ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် အောင်ချမ်းသာကျေးရွာ ၊ မြောင်းဦးကျေးရွာ ၊ ကင်းကျေးရွာ ၊ မကျီးကုန်းကျေးရွာ ၊ လမိုင်းကျေးရွာ ၊ ကင်းရွာ ၊ ဆီးဖြူပင်ရွာနှင့် တောင်ခေါင်းကျေးရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။