လွိုင်ကော်တွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ၅၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ၊ စစ်တပ်က စစ်ဘေးရှောင် ပြည်သူများကိုပါ လေယာဥ်ဖြင့် ပစ်ခတ်
ရန်ကုန်၊ နိုဝင်ဘာ ၁၅
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ၅၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်ကာ လွိုင်ကော်မြို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့ပေါ်မှ ပြည်သူ ၅၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်လာပြီး စစ်ဘေးရှောင် ပြည်သူများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဥ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ဒီကနေ့မှာဆိုရင် မနက် ၇ နာရီထိုးလောက်ကနေ အခုအချိန်အထိ လွိုင်ကော်မြို့ပေါ်က ပြည်သူလူထုတွေက မြို့လုံးကျွတ်နီးပါးကို စစ်ရှောင်လာကြတယ်။ စစ်ရှောင်လာကြတာကလည်း တော်လှန်ရေးရဲဘော်တွေက သူတို့ရဲ့ တော်လှန်ရေးလုပ်နေတဲ့ အချိန် အကူအညီဖြစ်စေဖို့၊ တော်လှန်ရေးသမားတွေ တော်လှန်ရေးလုပ်နေတဲ့အချိန် အေးအေးချမ်းချမ်းလုပ်နိုင်ဖို့ ထွက်လာကြတာဖြစ်ပါတယ်။ ပြည်သူတွေက ခန့်မှန်းခြေ ၅ သောင်းနဲ့ ၅ သောင်းအထက် ရှိမယ်လို့ ခန့်မှန်းရပါတယ်” ဟု ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က ပြောဆိုသည်။
လက်ရှိအချိန်တွင် ပြည်သူများသည် ၎င်းတို့၏ ကိုယ်ပိုင်ကားများ ၊ ဆိုင်ကယ်များနှင့် စစ်ဘေးရှောင်နေကြသလို ပရဟိတအဖွဲ့ပေါင်းစုံ၏ ကူညီကယ်ဆယ်ရေးကားများနှင့်လည်း စစ်ဘေးရှောင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။