နောင်ချိုရှိ ဇီးဖြူရေရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၁ နှစ်အရွယ် နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦး ပွဲချင်းပြီး သေဆုံး၊ လိပ်သိုလ်မြို့ရှိ သစ်ခေါင်းကျေးရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
ရန်ကုန်၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ဇီးဖြူရေရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၁ နှစ်အရွယ် နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၁၅ ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ ဇီးဖြူရေကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ၁ နှစ်အရွယ် ကလေး ၁ ဦး နှင့် ၁၂ အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး မိခင်ဖြစ်သူနှင့် ကျန်ကလေးငယ် ၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အလားတူ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုလ်မြို့တွင် အကြမ်းဖက် စစ်တပ်၏ ၆၀၇ တပ်ရင်းက ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် သစ်ခေါင်းကျေးရွာကို အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
“လိပ်သိုလ်မြို့အနီးရှိသစ်ခေါင်းကျေးရွာကိုလက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေပါတယ်ဗျ။ အခု ည ၆နာရီကစပစ်ပြီး အခုထိပစ်နေတုန်းပဲဗျ”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် သစ်ခေါင်းကျေးရွာ အပါအဝင် အနီးအနားကျေးရွာများရှိ ပြည်သူများပါ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၊ ထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“တနေကုန် လေယာဥ်လာပြီးဝဲတယ်။
ညနေ ၄နာရီခန့်မှာ လေယာဥ်နဲ့ ဗုံးကျဲချတယ်။ လိပ်သိုလ်မြို့နဲ့ အနီး သစ်ခေါင်းကျေးရွာညောင်ပင်ကြီးကုန်းမှာ လာကျတယ်။ အခုထိ ခမရ ၆၀၃ က လက်နက်ကြီးတွေနဲ့ပစ်နေတုန်းပါဗျ” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။