ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရွာရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၆
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို Shwe Nyar Myae PDF နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး တပ်ဖွဲ့များ လက်နက်အင်အား နည်းပါးခြင်းနှင့် ပခုက္ကူမြို့ဘက်မှ စစ်ကူများ ထွက်လာခြင်းကြောင့် အကြမ်းဖက် စစ်တပ် ဂိတ်စခန်းအား အပြီးတိုင် သိမ်းယူနိုင်ခြင်းတော့ မရှိဘဲ ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂)မှ Shwe Nyar Myae PDF၊ Young Force (UG)၊ Pakokku Underground Force ၊ Pakokku Ranger ၊ Black Cobra Force Pakokku ၊ Thu Rain-TR Pakokku တို့နှင့် ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(တပ်ခွဲ၁) ၊ ပခုက္ကူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ၊ Special Task Force (STF) ၊ Pakokku People Defense Force(PPDF) ၊ ပြည်သူ့အားမာန် PDF တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ပဲခူးရိုးမပေါ် တက်လာသည့် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ထံမှ သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် ပေါင်းတည်မြို့နယ်၊ ကြိုကုန်းရွာ အနောက်ဘက်ကုန်းပေါ်တွင် ခေတ္တနားနေသော အင်အား ၂၃ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်ခရိုင် ၃၆၀၂ PDFတပ်ရင်း၊တပ်ခွဲ(၄) နှင့် ၃၆၀၁ PPDF တပ်ရင်း Sniper ၊တပ်ခွဲ(၂) တို့က စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီး၊လက်နက်ငယ်မျိုးစုံဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။