တမူးမြို့နယ်နှင့် ခမ်းပတ်မြို့ရှိ စစ်တပ်၏ ခလရ-၂၂၈ တပ်ရင်း စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်နှင့် ခမ်းပတ်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၂၈ တပ်ရင်း စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့ထိ ခမ်းပတ်မြို့ရှိ ဗိုလ်ကြီး ဝင်းနိုင်စိုး ဦးစီးသော ခလရ-၂၂၈ တပ်ရင်း၊ ရဲ၊ ပျူစောထီးနှင့် ကသည်း အဖွဲ့ အင်အား ၈၄ ဦး တပ်စွဲထားသော ခမ်းပတ် တပ်စခန်း၊ ရဲစခန်းနှင့် ဆေးရုံတို့ကို ရှေ့တန်း ကွပ်ကဲရေးအဖွဲ့၊ တမူးခရိုင် ကွပ်ကဲရေးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၂၊ WZ-1၊ RCDF၊ CNDF တို့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦး သေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ ဘက်မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ထံမှ လက်နက်ငယ် ၁၂ လက်၊ ကျည်မျိုးစုံ ၉၈၀၀ ကျော်၊ ဗုံး ၃၀ ကျော်နှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း တမူးမြို့နယ်၊ ဝိတုပ်ကျေးရွာရှိ ဗိုလ်ကြီး တင်ထူးအောင် ဦးစီး ခလရ-၂၂၈ တပ်ရင်း၊ ရဲနှင့် ပျူစောထီး အင်အား ၃၀ ခန့် အခြေချထားသော စခန်းကုန်းကိုလည်း တမူးခရိုင် တပ်ရင်း-၁၊ KNAB၊ ABSDF တို့က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော် ၃ ဦး (KNAB မှ ရဲဘော် (၂) ဦး၊ ABSDF မှ ရဲဘော် (၁) ဦး) ကျဆုံး ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ထံမှ လက်လုပ် လက်နက်ငယ် ၁၄ လက်၊ ကျည်မျိုးစုံ ၃၄၀၀ ကျော်၊ ဗုံး ၁ လုံး၊ မိုင်း ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။