ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းမှ စစ်ကောင်စီ တပ်သားများ စခန်း စွန့်ခွာထွက်ပြေးသွား
ရန်ကုန်၊ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းမှ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာသွားပြီ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီခန့်က ဆားလင်းကြီး မြို့နယ်၊ ကျားတက်ရွာရဲစခန်းကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး ပုလဲမြို့ပေါ်ကို သွားရောက် ပူးပေါင်းကြကြောင်း၊ ကျားတက်ရဲစခန်းကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပြည့်အဝ ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။
ကျားတက်ရဲစခန်းရှိ ရဲများ စခန်းစွန့်ခွာ ထွက်ပြေးသွားရန် လွန်ခဲ့သော နှစ်ကတည်းကရည်မှန်းချက် ထားကာ တော်လှန်ရေး တပ်ဖွဲ့များက နေ့စဉ်နှင့်အမျှ ဗုံးကျဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားတိုက်ခိုက်ခြင်းတို့ဖြင့် ရိက္ခာများဖြတ် တောက်ခဲ့ကြောင်း၊ ပထမ အကြိမ် ပြောက်ကျားတိုက်ခိုက်ရာတွင် စခန်းအတွင်းရှိ အရာခံ ဗိုလ် တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း၊ ဒုတိယအကြိမ်တိုက်ခိုက်ရာတွင် စခန်းမှူး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း Salingyi Special Task Force – SSTF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများကို Salingyi Special Task Force – SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)} နှင့် Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3)PDAF တို့အပါအဝင် ပူးပေါင်းတပ်ဖွဲ့များမှ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြောက်ကြားMissionsများ ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့သလို Drone Missions များ၊ ရိက္ခာဖြတ်တောက်ရေး လုပ်ငန်းဆောင်တာများမှာ ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း Salingyi Special Task Force – SSTF က ထုတ်ပြန်ထားသည်။

