မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ အခမ်းအနားပွဲ ပြုလုပ်နေစဥ် ဒရုန်းဖြင့် ဗုံးကျဲခံရ၊ မြို့ပေါ်တွင် စစ်ကားများ ပတ်မောင်းနေပြီး တစ်မြို့လုံး တိတ်ဆိတ်နေ
ရန်ကုန်၊ နိုဝင်ဘာ ၁၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ အခမ်းအနားပွဲ ပြုလုပ်နေစဥ် ဒရုန်းဖြင့် ဗုံးကျဲခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ အခမ်းအနားပွဲ ပြုလုပ်နေစဥ် ဒရုန်း ဗုံးကျဲ တိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်တွင် စစ်ကားများ ပတ်မောင်းကာ တစ်မြို့လုံး တိတ်ဆိတ်နေပြီး စစ်တပ်က လမ်း တချို့ကို ပိတ်ဆို့ထားကြောင်း သိရသည်။
” ညနေပိုင်းလောက်က စပြီး ပစ်ခတ်သံတွေ ကြားရတာပဲ အဲ စစ်ဌာနချုပ်ထဲမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ဘယ်နှ နှစ်ပြည့်လည်းတော့ မသိဘူး။ အခမ်းအနားပွဲ လုပ်နေတာတဲ့ အခုကြားရတာက ပွဲလည်း ပျက်သွားတယ် စစ်ခွေးတွေလည်း ကြောက်ကြောက်လန့်လန့်နဲ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်လို့သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရသော အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် jammer အများအပြား တတ်ဆင်ထားသော်လည်း ယင်းသို့ တိုက်ခိုက်ခံရသည့်အတွက် တပ်တွင်း၌ စိုးရိမ်ကြောက်လန့်နေကာ မော်လမြိုင်မြို့ပေါ်တွင်လည်း လုံခြုံရေးများ တိုးမြှင့် ချထားကြောင်း သိရသည်။
“မြို့ထဲမှာစစ်ကားတွေ မြို့ပတ်ပြီးရမ်းမောင်းနေတာ စစ်ကားပေါ်က စစ်ခွေးတွေက ဘေးဖယ် ဘေးဖယ် ဆိုပြီး အော်ပြီးကို အရှိန်နဲ့ မောင်းနေတာ မြို့ပေါ်က လမ်းတွေမှာ လူတစ်ယောက်မှ မရှိတော့ဘူး။ ဆိုင်တွေလည်း ပိတ်ကုန်ပြီ တစ်မြို့လုံးကို တိတ်ဆိတ်နေတာပဲ စစ်ခွေးကားတွေ ပတ်မောင်းနေတာနဲ့ လမ်းတချို့ကို ပိတ်ထားတာလောက်ပဲရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
