Breaking News- ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ကို ဗဟိုပြု၍ ရစ်ချက်တာစကေး ၅ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံတို့တွင်ပါ လှုပ်ခတ်
ရန်ကုန်၊ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ကို ဗဟိုပြု၍ ရစ်ချက်စတာစကေး ၅ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်သွားပြီး အဆိုပါ ငလျင်သည် ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့်တရုတ်နိုင်ငံတို့တွင်ပါ သိသာစွာ လှုပ်ခတ်သွားကြောင်း ဒေသတွင်းသတင်းများနှင့် အမေရိကန်USGS ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
“မနက် ၈ နာရီ ၇ မိနစ်လောက်မှာ လှုပ်တာ။ အချိန်လည်းကြာတယ်။ ကြမ်းလည်းကြမ်းတယ်။ အပျက်အစီး များမယ်ထင်ပါတယ်။ အတော်ကြာကြာလှုပ်တာ” ဟု ရှမ်းပြည်နယ်၊ အရှေ့ပိုင်း နမ့်စမ်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
တာချီလိတ်ဒေသမှ ပြည်သူတစ်ဦးကလည်း ယနေ့ နံနက် ၈ နာရီ ၇ မိနစ်အချိန်တွင် ငလျင် ခပ်ပြင်းပြင်း နှစ်ကြိမ် လှုပ်ခတ်သွားပြီး ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရသည်ဟုဆိုသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင်နေထိုင်သူတစ်ဦးကလည်း မြန်မာဘက်ကို ဗဟိုပြုလှုပ်ခတ်သည်ဟု သတင်းတွင် ဖော်ပြနေသော ငလျင်ကို ချင်းမိုင်တွင်လည်း သိသာစွာ ခံစားရကြောင်း၊ ယနေ့ နံနက်ပိုင်း ချင်းမိုင်တွင် ငလျင် လှုပ်ခတ်သွားကြောင်းပြောဆိုသည်။
